အလုပ်ရှင်-အလုပ်သမားပဋိပက္ခနဲ့ ဂျွန်မေနာ့ဒ်ကိန်းစ်ရဲ့ ဘောဂဗေဒအယူအဆ

ရေးသားသူ- ကြည်ရှိန်

 

မြန်မာပြည်မှာ အခု အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ကို ၄၈၀၀ ကျပ် သတ်မှတ်ထားတယ် ပြောကြပါတယ် ။ တစ်လကို ၃၁ရက်နဲ့ တွက်မယ်ဆိုရင် ၄၈၀၀ × ၃၁ = ၁၄၈၈၀၀ ကျပ်၊ တစ်လကို ကျပ်တစ်သိန်းငါးသောင်းနီးပါးထားပါ။ စာရေးသူ အဓိကပြောချင်တာက လူတစ်ယောက်ရဲ့ ပျှမ်းမျတစ်လလုပ်ခလစာဟာ အခုလက်ရှိမှာ အစိုးရကသတ်မှတ်ထားတဲ့ တစ်ရက်အနည်းဆုံးလုပ်ခ‌ကြေးငွေ ၄၈၀၀×၃၁ = ၁၄၈၈၀၀ ကျပ် (ကျပ်တစ်သိန်းငါးသောင်းနီးပါး) မဖြစ်မနေ ရကိုရကြဖို့ လိုအပ်ပါတယ် (အမေရိကန် ဒေါ်လာ ၁၀၀ကျော်ကို ဆိုလိုတာဖြစ်ပါတယ်)။

Salary Explorer ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရဆိုရင် အခု မြန်မာပြည်မှာ လူတစ်ယောက်ရဲ့အနိမ့်ဆုံး တစ်လလုပ်ခလစာက ကျပ် ၇၄၃၀၀ (၇၄၃၀၀ ÷ ၃၁ = ကျပ်၂၃၉၆.၇၇) ၊ တစ်ရက်ကို ကျပ် ၂၄၀၀ ဝန်းကျင်လောက်ပဲ ရတဲ့၀န်ထမ်း‌တွေတောင် ရှိနေပါတယ်။ ဒီအချက်အလက်အရဆိုရင် “အစိုးရက သတ်မှတ်ထားတဲ့ တစ်ရက် ၄၈၀၀ ကျပ်  ရရမယ်ဆိုတဲ့စည်းမျဉ်းကို  မလိုက်နာတဲ့ အလုပ်ရှင်တွေ ၊ ဒါမှမဟုတ် အဲ့ဒီစည်းမျဉ်းတွေနဲ့ အကျုံးမဝင်တဲ့အလုပ်တွေရော ရှိနေသေးတယ်ဆိုတဲ့သဘောလား”ဆိုပြီး ဒီနေရာမှာ အခြေခံလူတန်းစား အလုပ်သမားတွေနဲ့ဆိုင်တဲ့ အရေးကြီးပြဿနာအဖြစ် ဒီကိစ္စအပေါ် မေးခွန်းထုတ်စရာ ရှိလာပါတယ် ။

နောက်ပြီး ဒီဝက်ဘ်ဆိုက်အရ လူတစ်ယောက်ဟာ ပျမ်းမျှတစ်လကို လစာ ကျပ် ၅၄၉၀၀၀ (၃၁နဲ့စားရင် ၁ရက်ကို ၁၇၈၀၀ ဝန်းကျင်) ရတယ်ဆိုတဲ့ အဲ့ဒီအချက်ဟာလည်း စာရေးသူ ကျနော့်အတွက်တော့ သံသယဖြစ်စရာ သတင်းအချက်အလက်တစ်ခုလို့ ခံစားရပါတယ် ။ ပြည်တွင်း ရိုးရိုးဘွဲ့ရတစ်ဦးရတဲ့လစာက တစ်ချို့ကုမ္ပဏီတွေဆို စစချင်းပုံမှန်ပေးတဲ့လစာအဖြစ် ဝန်ထမ်းလောင်း (Interview Candidate) က တစ်လ ၂သိန်းလိုချင်ပါတယ်လို့ အင်တာဗျုးမှာ ပြောတာတောင်မှ အလုပ်စဆင်းချိန်မှာ တကယ်ပေးတော့ ၁လကို ကျပ် ၁သိန်းခွဲပဲ ပေးတဲ့ ကုမ္ပဏီတွေတောင် ရှိပါသေးတယ် (စာရေးသူရဲ့ အသိမိတ်ဆွေ ညီမတစ်ဦး ရိုးရိုးဘွဲ့ ရပြီး အလုပ်ဝင်စ ၂၀၁၄လောက်က ကြုံရတာကို ကိုးကားပြောတာဖြစ်ပါတယ်။) ဆိုလိုတာက လက်တွေ့ဘ၀မှာ ဘွဲ့ရပညာတတ်၀န်ထမ်းတွေတောင် အဲ့လို ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသကဲ့သို့ ဖြစ်နေတဲ့ အခြေအနေတွေ  တစ်ပုံတစ်ပင်ရှိနေပါတယ်။ အဲ့ဒီ့တော့ တစ်လကို မြန်မာပြည်မှာ ပျမ်းမျှလစာအနေနဲ့ လူအများစု ကျပ် ၅၄၉၀၀၀ ရတယ်ဆိုတာလည်း ဘွဲ့ရအလုပ်ဝင်ခါစလူငယ်အများစုအတွက် ကြည့်ရင် မမှန်ပါဘူး။

ကျနော်ယူကေမှာမဟာတန်းတက်စဉ်က သိခဲ့တဲ့ အသိအစ်ကိုတစ်ဦး လွန်ခဲ့တဲ့ ၁နှစ်က သူ့ရဲ့ မဟာဘွဲ့သုတေသနစာတမ်းအတွက် ကမ္ဘောဒီးယားက အခြေခံလူတန်းစား အလုပ်သမားတွေကို Research Interview သွားလုပ်တော့ သူသိထားတာကို ပြောပြတာအရဆိုရင် ကမ္ဘောဒီးယားအ‌ခြေခံလူတန်းစား အလုပ်သမားတွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၃၅၀ ရပါတယ်။ ၁ဒေါ်လာ = ၁၄၀၈.၂၀ကျပ်နဲ့ တွက်ရင် မြန်မာငွေအရ ကမ္ဘောဒီးယားအလုပ်သမားတွေဟာ တစ်လကို ၄၉၂၈၇၀ ကျပ် (ငွေကျပ် ၅သိန်းနီးပါး) ရပါတယ်။

မြန်မာပြည်မှာ တစ်လလျှင် ကျပ်၁သိန်း၅သောင်း (ဒေါ်လာ ၁၀၀နဲ့ ၁၅၀ကြား) ၊ တစ်ရက် ၄၈၀၀ကျပ် ပေးဖို့ အစိုးရကသတ်မှတ်ထားတာတောင်မှ ဒီ မတ်လတုန်းကထုတ်ပြန်တဲ့ Salary Explorer အရကြည့်ရင် တစ်ရက် ၄၈၀၀ကျပ် မရတဲ့လူတစ်ချို့ ရှိနေသေးတဲ့ပုံစံ ပေါက်သလိုဖြစ်နေတာ တွေ့ရပါတယ်။ ကမ္ဘောဒီးယားမှာ တစ်လကို အမေရိကန်ဒေါ်လာ ၃၅၀ကျော် ရနေချိန် ဒီမှာက အမေရီကန် ဒေါ်လာ ၁၀၀နဲ့ ၁၅၀ကြား ပဲဆိုတော့ မြန်မာပြည်က အလုပ်သမားတွေ လစာခံစားနေရတဲ့ဘ၀ကို ကမ္ဘောဒီးယားက အလုပ်သမားတွေ လစာခံစားနေရတဲ့ဘ၀နဲ့ နှိုင်းယှဉ်ကြည့်တာအရ ပိုနိမ့်ကျနေတာ တွေ့ရမှာဖြစ်ပါတယ် ။

ဒီလိုအခြေအနေမှာ အလုပ်သမားတွေ ဆန္ဒပြတာကို အလုပ်သမားတွေလွန်တယ်လို့ ပြောရ အင်မတန်ခက်ပါတယ်။ တကယ်တော့ ကိုရီးယားအထည်ချုပ်စက်ရုံတွေ မြန်မာပြည်ကပြန်ပြီး တခြားတိုင်းပြည်မှာ ပြောင်းလုပ်ဖို့ သတင်းထွက်နေတာကြာပါပြီ။ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်း မြန်မာပြည်က ပြန်ပြီးနောက် ရိုဟင်ဂျာကိစ္စ အသံ ပွက်လောရိုက်လာကတည်းက ဖြစ်ပါတယ်။ အရင်တည်းက ဒီတောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်တွေ ဘဂ်လားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို ပြောင်းဖို့ စဉ်းစားနေတဲ့ သတင်းထွက်လာတာကို နိုင်ငံတကာသတင်းတွေမှာ အဓိက ဖော်ပြနေတာကို စာရေးသူ သတိထားမိပါတယ်။ အခု ဒီသတင်းက အရင်အပတ််တွေက ထွက်လာချိန်မှာ နိုင်ငံခြားစီးပွားဆက်ဆံရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးအောင်နိုင်ဦးကတော့ တောင်ကိုရီးယား အထည်ချုပ်စက်ရုံလုပ်ငန်းရှင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို ပြောင်းပြေးမယ်ဆိုတဲ့သတင်း မမှန်ကန်ဘူးလို့ ပြန်လည်ဖြေရှင်းချက်ထုတ်ပါတယ် ။

အဲ့ဒီအချိန်မှာ အလုပ်သမားတွေ ဆန္ဒပြတာကြောင့် ကိုရီးယားစက်ရုံတွေ တန်းပြန်ပြီး ဘဂ်လားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာကို သွားတော့မယ့်ပုံစံ ရောချကာ အလုပ်သမားတွေကို အပြစ်တင်ဆဲဆိုသံတွေ အွန်လိုင်းစာမျက်နှာပေါ်မှာ ပွက်ပွက်ညံလာတာတွေ့ရပြီး အစိုးရနဲ့ လွှတ်တော်ပိုင်းက တာ၀န်ရှိသူတစ်ချို့အနေနဲ့ ပြဿနာကို ၀င်ဖြေရှင်းပေးရင်း ဆန္ဒပြအလုပ်သမားတွေအနေနဲ့ ဆန္ဒခဏခဏ မပြသင့်ကြောင်း ပြောဆိုသွားသလို စီးပွားရေးပညာရှင်အများစုကလည်း သတင်းထောက်တွေက ဖြစ်နေတဲ့ ပြဿနာကိစ္စအပေါ် အင်တာဗျုးတွေ သူတို့ကို လာမေးကြစဉ် ပညာရပ်ဆိုင်ရာကိစ္စတွေအရ ပြဿနာဖြေရှင်းနည်းကိုသာ ပြောသွားကြပေမဲ့ အလုပ်သမားတွေကို ဆဲဆိုနေတဲ့ လူထုကို မဆဲဆိုကြဖို့ မေတ္တာရပ်ခံပန်ကြားတာမျိုး လုံး၀မတွေ့ခဲ့ရပါဘူး ။

တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် မြန်မာပြည်မှာ အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ ပဋိပက္ခဖြစ်တိုင်း အလုပ်သမားတွေ ဆန္ဒပြချိန် အွန်လိုင်းမီဒီယာ  စာမျက်နှာတွေပေါ်ကနေ အလုပ်သမားတွေကို ပြစ်တင်ရှုံ့ချတတ်ကြပြီး၊  အဲ့ဒီလိုပြစ်တင်ဝေဖန်နေခြင်းကို သြဇာတိက္ကမရှိတဲ့ နိုင်ငံရေးသမားတွေ (Politician)၊ သြဇာတိက္ကမရှိတဲ့ စီးပွားရေးပညာရှင်တွေ (Economist) အများစု ကိုယ်တိုင်က ဒီအလုပ်သမားတွေကို ပြစ်တင်ရှုံ့ချ‌ ဝေဖန်တဲ့လူတွေကို အပြစ်တင် ပြောဆိုတာမတွေ့ရပါဘူး။

အမှန်ကတော့ ဆန္ဒပြတဲ့ ကိစ္စတစ်ခုတည်းအတွက်မဟုတ်ပဲ နိုင်ငံတကာက ရိုဟင်ဂျာကိစ္စ နိုင်ငံရေးဖိအားတစ်ခုတည်းနဲ့တင် ဒီပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံတကာက ချမှတ်တဲ့ အရေးယူပိတ်ဆို့မှု ဖြစ်တန်ချေတွေကိုကြောက်ပြီး မြန်မာပြည်ကနေ ပြန််ထွက်သွားနိုင်မဲ့ အန္တရာယ်တစ်ခုနဲ့တင် မြန်မာပြည်ရဲ့ ပြည်ပရင်းနှီးမြှုပ်နှုံမှုအခြေအနေက နဂိုကတည်းကိုက စိုးရိမ်စရာကောင်းနေပြီဖြစ်သလို ဒါဟာ တိုင်းပြည်အတွက် အင်မတန်မှကို ရင်လေးစရာ ၀မ်းနည်းစရာ အခြေအနေတွေ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်ပြည်ထောင်စု ကော်နဲလ်တက္ကသိုလ် (Cornell University) ကနေ ပြည်သူ့အုပ်ချုပ်ရေးမဟာဘွဲ့ (MPA) ရခဲ့တဲ့ ကျနော့်မိတ်ဆွေ အစ်ကိုတစ်ဦးရဲ့အမြင်ကို ကိုးကားပြီး ပြောရရင် (၁) စက်ရုံအလုပ်ရုံတွေ ပြည်ပက‌နေ မြန်မာပြည်ကို အသည်းအသန် လာဖွင့်ချင်‌လောက်တဲ့အထိ ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်သူ အစိုးရက လိုအပ်တဲ့ အခြေခံအဆောက်အအုံ (Infrastructure) သေချာပြည့်စုံအောင် သူတို့ကိုလုပ်ပေးထားနိုင်လား။ (၂) လူ့အခွင့်အရေးချိုးဖောက်မှုတွေရော မြန်မာပြည်ကဘယ်လောက်ထိကင်းနေလဲ။ (၃) ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ရလွယ်ကူတဲ့အဆင့် (Ease of Doing Business) မှာ ကိုယ့်တိုင်းပြည်က အဆင့်တွေ အရမ်း မြင့်မားနေပီလား။ (၄) Transparency International ရဲ့ အကျင့်ပျက်ခြစားမှုညွှန်းကိန်း (corruption perception index) မှာ အဆင့်ဘယ်လောက်ဖြစ်နေသလဲ။ (၅) Trade financingနဲ့ Bank transfer တွေ Visa နဲ့ ငွေလက်ခံလွှဲ‌ပြောင်းတာတွေ အတော်လေး အဆင်ပြေနေပီလား စတဲ့ မေးခွန်းတွေကို အလုပ်သမားတွေရဲ့ ဆန္ဒပြခြင်းကိစ္စအတွေအပေါ် ပြစ်တင်ရှုံ့ချသူများအနေနဲ့ အရင်ဖြေကြည့်ဖို့ လိုပါလိမ့်မယ်။

ဒီအချက်တွေအရ စဉ်းစားကြည့်မယ်ဆိုရင် တောင်ကိုရီးယားစက်ရုံတွေ အခု ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ ကာလလို အကြပ်အတည်းအချိန်မဟုတ်ပဲ သာမန်အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒါကာကို အမှန်တကယ် ပြောင်းရွေ့သွားမယ်ဆိုရင်တောင် သိပ်ပီး မထူးဆန်းတဲ့ကိစ္စ ဖြစ်ပါတယ်။

အဲ့ဒါကို အလုပ်သမားတွေက အလုပ်သမားသမဂ္ဂတွေ မြှောက်ပေးလို့ ဆန္ဒပြရတာကြောင့် စက်ရုံတွေ ပြန်ထွက်ပြေးသွားရနိုင်တယ်ဆိုတာမျိုးက သိပ်ပီး ယုတ္တိယုတ္တာမရှိတဲ့ ယူဆချက်လို့ ဆိုချင်ပါတယ်။ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ် ပဲရပြီး ဥပဒေ နည်းဥပဒေ‌တွေကို နားလည်တတ်ကျွမ်းမှုလည်း မရှိ၊ အဖွဲ့အစည်း၊ အသင်းအပင်းပါဝါလည်း မရှိတဲ့ အလုပ်သမားတွေတစ်ခုတည်းကပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကန်ထုတ်သလိုဖြစ်နေတယ်လို့ ပြောတဲ့ သုံးသပ်ချက်က အင်မတန်မှကို ဆင်းရဲကျပ်တည်းတဲ့ အလုပ်သမားတွေအပေါ် ကိုယ်ချင်းမစာနာရာ ကျနေတယ်လို့ ဆိုရပါလိမ့်မယ်။ စာရေးသူအနေနဲ့ သေချာပေါက်ပြောနိုင်တာတစ်ခုကတော့ သူတို့ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတစ်ခုတည်းကနေ ပြည်ပရင်းနှီးသူတွေကို သေချာပေါက်ကန်ထုတ်နေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

အခု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လိုအဖွဲ့ကတောင် အခု ကိုဗစ်-၁၉ ကာလဟာ ကမ္ဘာ့စီးပွားပျက်ကပ်စနေပါပြီလို့ မကြာသေးခင်က ကြေညာသွားခဲ့ပါတယ်။ မြန်မာပြည်က အလုပ်သမားတွေသာမက တစ်ကမ္ဘာလုံးက ဆင်းရဲသားအခြေခံအလုပ်သမားတိုင်း ကျပ်တည်းနေကြတာဖြစ်ပါတယ်။ ဒီလိုအခြေအနေ ဒီလိုပုံစံမျိုးမှာ ဒီအလုပ်သမားတွေ ဆန္ဒပြတယ်ဆိုတာဟာ အလုပ်သမားသမဂ္ဂတွေက မြှောက်မပေးလည်း နောက်ဆုံး အသည်းအသန် အငတ်ငတ်အပြတ်ပြတ်ဖြစ်ပီး ကျပ်တည်းလာနေရင်တော့ ဆန္ဒပြပွဲတွေဟာ ခပ်စိတ်စိတ် တိုးလာနိုင်ချေ ရှိနေပါတယ်။ ဒီအလုပ်သမားတွေ ဆန္ဒမပြလည်း မြန်မာပြည်ရဲ့ လက်ရှိအနေအထားတွေအရ ပြည်ပက စီးပွားရေးလာလုပ်ချင်စရာနိုင်ငံအဖြစ် မြန်မာပြည်ဟာ နိုင်ငံတကာမျက်နှာစာမှာ “သဲသဲလှုပ် အချစ်တော်”ဖြစ်မနေတာတော့ စာရေးသူတို့ နိုင်ငံအတွက် အင်မတန် ၀မ်းနည်းစရာ ဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေကို အခြေမြစ်မရှိ ပြစ်တင်ဝေဖန်ရှုံ့ချခြင်းကို ပညာရပ်ဆိုင်ရာအရ ချဉ်းကပ်ကြည့်မြင်ရရင် အလုပ်သမားတွေကို ပြစ်တင်ဝေဖန်နေကြသူတွေ မြင်တဲ့အမြင်က ကျနော်တို့ နိုင်ငံရေးသီအိုရီဘာသာရပ်နဲ့ နိုင်ငံရေးဘောဂဗေဒဘာသာရပ် ရှုထောင့်၂ခုကပြောရင် လက်ယာအလယ်အလတ် (Centre-Right) နီယိုကွန်ဆားဗေးတစ် ဘောဂဗေဒပညာရှင် (Economist) ဖြစ်တဲ့ ရှီကာဂိုဘောဂဗေဒအတွေးအခေါ်ဂိုဏ်း(Chicago Economic School of Thought) တည်ထောင်သူ မီလ်တန်ဖရီးမန် း(Milton Friedman) ပြောခဲ့သလိုမျိုး အလုပ်ရှင်ဘက်ကပဲကြည့်ပြီး၊ အလုပ်သမားဘက်ကို လုံး၀မကြည့်သလောက်ကို အားနည်းတာတွေ့ရပါတယ်။ အလုပ်သမားတွေရဲ့ပြဿနာကို အစိုးရက လုံး၀၀င်ရောက်စွက်ဖက်စရာမလိုပဲ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးဈေးကွက်ကနေ သူ့အလိုအလျောက် ဖြေရှင်းသွားပါလိမ့်မယ် (Invisible Hand) ဆိုတဲ့အယူအဆကို အခြေခံတာဖြစ်ပါတယ်။ မီလ်တန်ဖရီးမန်းရဲ့ အမြင်ကို ဈေးကွက်စီးပွားရေးအခြေအနေ၊ ကိုယ့်နိင်ငံထဲ လည်ပတ်နေချိန်မှာ သုံးတာမသုံးတာကို ကျနော်ဒီနေရာမှာ အထူးတလည်မငြင်းလိုပေမဲ့ အခုလို IMF အဖွဲ့ကိုယ်တိုင်ကိုက တရား၀င်ကြေညာထားတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကာလလိုဟာမျိုးမှာတော့ ကျနော့်အနေနဲ့ မီလ်တန်ဖရီးမန်းရဲ့အမြင်ကို ယုံကြည်ဖို့ ခက်ပါတယ်။ ဈေးကွက်(Market)ကနေ လူတွေရဲ့ ပြဿနာတွေကို အမြဲလိုလို သဘာ၀အလျောက် ဖြေရှင်းပေးနိုင်တယ်ဆိုတာကို စာရေးသူ ကျနော့်အနေနဲ့တော့ သိပ်အယုံအကြည်မရှိပါဘူး။

အထူးသဖြင့် ဈေးကွက်ဟာ လူတန်းစားမညီမျှမှု (Social Inequality) ပြဿနာကို သဘာ၀အလျောက် လုံး၀ဖြေရှင်းပေးနိုင်စွမ်း မရှိသလို ဆင်းရဲမွဲတေမှုကိုလည်း သူ့ဘာသာသူ မလျှော့ချပေးနိုင်တဲ့အပြင် လူသားတစ်ဦးချင်းရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးလို ကိစ္စတွေမှာကအစ အပြည့်အ၀ သဘာ၀အလျောက် ဖြေရှင်းပေးနိင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိန်းဂဏန်းကပြောတဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေထက် လူမှုတရားမျှတမှု (Social Justice) အယူအဆတွေကို ကမ္ဘာမှာတင်သွင်းလာကြပါတယ်။

စာရေးသူကျနော့်အနေနဲ့ကတော့ လက်ဝဲအလယ်အလတ် (Centre-Left) ဆိုရှယ်လစ်ဘရယ်ယိမ်းတဲ့ ဘောဂဗေဒပညာရှင် (Social Liberal Economist) ၊ ကိန်းဆီးယန်းဘောဂဗေဒ(Keynesian Economics) ထူထောင်သူဖြစ်တဲ့ ဂျွန်မေနာ့ဒ်ကိန်းစ်(John Maynard Keynes) ပြောတဲ့အယူအဆကို ယုံကြည်ပါတယ်။ ဒီနေရာမှာ စာဖတ်ပရိသတ်များကို စာရေးသူ ကျနော့်အနေနဲ့ တစ်ခုပြောပြထားလိုတာက ပညာရှင်ကိန်းစ်ကို အလုပ်ရှင်-အလုပ်သမားပဋိပက္ခမှာ အလုပ်သမားဘက်က ပိုရပ်တည်လို့ လက်ဝဲစွန်းကွန်မြူနစ်ထင်ပြီး၊ အဆိုးမြင်မနေကြပါနဲ့လို့ ပြောပါရစေ။ ဂျွန်မေနာ့ဒ်ကိန်းစ်က လက်ဝဲစွန်း(Far Left) မဟုတ်ပါဘူး။ လက်ဝဲအလယ်အလတ် ဆိုရှယ်လစ်ဘရယ်ဝါဒီ (Centre-Left/Moderate Left Social Liberal) တစ်ဦးသာ ဖြစ်ပါတယ်။ ကိန်းစ်ပြောတာအရဆိုရင် သူ့လိုပဲ (Centre-Left) လက်ဝဲအလယ်အလတ် ယိမ်းတဲ့ နိုင်ငံရေးသမားတွေပါ၀င်တဲ့ အစိုးရများအနေနဲ့ ဈေးကွက်စီးပွားရေးကြောင့် ဖြစ်လာတဲ့ အလုပ်သမားတွေ ခံစားရတဲ့ ဆိုးကျိုးတွေဖြစ်တဲ့ လူတန်းစားမညီမျှကွာဟမှု (Social Inequality)၊ ဆင်းရဲမွဲတေမှု (Poverty) စတဲ့ပြသနာမျိုး‌တွေကို အစိုးရသည် လူမှုဖူလုံရေး (Social Welfare) လို ရှု‌ထောင့်မျိုးက‌နေ အလုပ်ရှင်နဲ့ အလုပ်သမားကြား အပြည့်အဝမဟုတ်တဲ့ (Partial Intervention) တစ်စိတ်တစ်ပိုင်း ဝင်ရောက်စွက်ဖက်မှု မဖြစ်မနေ ဝင်လုပ်ရမယ်လို့ ပြောကို‌ပြော ထားပြီးသားဖြစ်ပါတယ်။

လက်ရှိ အဲန်အယ်လ်ဒီအစိုးရကတော့ အရင်က ၂၀၁၅ ခုနှစ် မတိုင်ခင် လက်၀ဲအလယ်အလတ် (Centre-Left) ယိမ်း‌ရာက‌နေ အခု အာဏာရပြီးမှ အလယ်အလတ် (Neoliberal Centrism) [သို့မဟုတ်] လက်ယာအလယ်အလတ် (Neoconservative Centre-Right) ဘက် ယိမ်းသွား‌ရွေ့သွားလို့ ဘောဂဗေဒပညာရှင် မီလ်တန်ဖရီးမန်းစကား နားထောင်လိုက်နာပီး အလုပ်ရှင်-အလုပ်သမားပဋိပက္ခမှာ ပိုမိုဆင်းရဲကျပ်တည်းသူဖြစ်တဲ့ အလုပ်သမားတွေအတွက် ပြဿနာကို တစ်စိတ်တစ်ပိုင်း၀င်ဖြေရှင်းတာ (သို့မဟုတ်) ပြဿနာကို မဖြေရှင်းပေးနိုင်ရင်တောင်မှ အွန်လိုင်းစာမျက်နှာတွေအပေါ်မှာ ပြစ်တင်ဝေဖန်ခံနေရတဲ့ အလုပ်သမားတွေကို ရုပ်ပိုင်းဆိုင်ရာ-စိတ်ပိုင်းဆိုင်ရာအရ အားပေးနှစ်သိမ့်တာမျိုး မလုပ်တာဆိုရင်တော့ စာရေးသူ ကျနော့်အနေနဲ့ ဒါနဲ့ပတ်သက်ပြီး အတိအလင်းတော့ မပြောတတ်ပါဘူး။

ဒါပေမဲ့ စာရေးသူ ကြည်ညိုလေးစားရတဲ့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးနဲ့ စီးပွားရေးမူဝါဒတွေမှာ လက်ဝဲအလယ်အလတ်ဝါဒီ  (Centre-Left) တစ်ဦးဖြစ်ပါတယ်။ သူသာရှိနေသေးရင် သူ‌နိုင်ငံရေးသမားလုပ်တဲ့ခေတ်မှာ ဘောဂဗေဒပညာရှင်ဖြစ်ခဲ့တဲ့ ဂျွန်မေနာ့ဒ်ကိန်းစ်ပြောတဲ့စကား၊ ကိန်းစ်ရေးတဲ့စာအုပ်တွေ ဖတ်ရှုနား‌ထောင်ပီးတိုင်းပြည်ရဲ့စီးပွား‌ရေးကို စီမံမှာပဲဆိုတာ ကျနော်ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ ၂ဦး ရှင်သန်ခဲ့တဲ့ ခေတ်ကာလ တူလို့ဘဲဖြစ်ပါတယ်။ (၁၈၈၃မွေးတဲ့ ဂျွန်မေနာ့ဒ်ကိန်းစ်က ၁၉၄၆မှာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီး၊ ၁၉၁၅မွေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇မှာ ဂဠုန်ဦးစောလုပ်ကြံခံရပီးသေဆုံးခဲ့ပါတယ်)။ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနဲ့ ‌ဘောဂ‌ဗေဒစာအုပ်တွေ ဘယ်လောက်ဖတ်လဲဆို နိုင်ငံတကာကပညာရှင်တွေ အင်္ဂလိပ်လိုရေးတဲ့ဟာတွေကိုမှ ဖတ်တာပါ။ လန်ဒန်ကို ဆွေးနွေးပွဲသွားတော့ ဘဏ္ဏာရေးဝန်ကြီး အိုင်စီအက်စ်ဦးတင်ထွဋ်ကို ခေါ်ပြီး စာအုပ်ဆိုင်တွေကနေ ဝယ်ခဲ့တာတွေ တစ်ပုံကြီးပါ။ သူ့ရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှ (စာရေးဆရာ တက္ကသိုလ်နေ၀င်း) ကိုယ်တိုင် ဒီအကြောင်းတွေကို သူရေးတဲ့ စာအုပ်ထဲ ပြောခဲ့ပြီးသားပါ။ ဒီအချက်တွေအရ စာရေးသူ ကျနော့်အနေနဲ့ သေချာပေါက်ပြောနိုင်တာက ဗိုလ်ချုပ်အောင်ဆန်းသာ အခုရှိနေမယ်ဆိုရင် ဒီကမ္ဘာ့စီးပွားပျက်ကပ်ကာလ အလုပ်ရှင်နဲ့ အလုပ်သမားပဋိပက္ခတွေ ကြားထဲမှာ ဆင်းရဲငတ်မွတ် မွဲတေခေါင်းပါးတဲ့ အလုပ်သမားတွေအပေါ် သူအများကြီးစာနာမှုထားပီး ဖြေရှင်းမယ်ဆိုတာ ကျနော်ကျိန်းသေပြောရဲပါတယ်။

အဲ့ဒီတော့ အနှစ်ချုပ်ပြောရရင် ကိန်းစ်ရဲ့ ဘောဂဗေဒအယူအဆကိုယုံတဲ့ စာရေးသူ ကျနော့်အနေနဲ့ စီးပွားရေးမှာ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိနိုင်မည့်အခြေအနေ (win-win situation) ကို လက်ခံပေမဲ့ အခုလို IMF က‌တောင် တရားဝင် ကြေညာထားရတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်လို အကျပ်အတည်းကာလမှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြား အငြင်းပွားစရာတွေ ဖြစ်လာချိန်မှာ နဂိုမူလအခြေအနေမှာ ငွေရေးကြေးရေး အတိုင်းအတာတစ်ခု ကြွယ်ဝပြီးသားဖြစ်နေတဲ့    အလုပ်ရှင်တွေဘက် တစ်ခုတည်း အဆင်ပိုပြေနေဖို့တော့ ကျနော့်အနေနဲ့ ကြည့်မပေးနိုင်ပါဘူး။ ဒီလို စီးပွားပျက်ကပ်အကျပ်အတည်းမှာ စာရေးသူသာ မူဝါဒ ရေးရာအကောင်အထည်ဖော်ခွင့်ရသူ (Policymaker)တစ်ဦးဆိုရင်တော့ ငတ်လုဆဲဆဲဖြစ်နေတဲ့ အလုပ်သမားဘက်ကို ပိုမိုပြီး စာနာသနားမှု ပေးကိုပေးပြီး ဖြေရှင်းပေးမှသာ မှန်ကန်မယ်လို့ စွဲမြဲယုံကြည်ထားပါတယ်။

အထူးသဖြင့် ကမ္ဘာ့စီးပွားပျက်ကပ်လိုကာလမှာ ဂျွန်မေနာ့ဒ်ကိန်းစ်ရဲ့ နိုင်ငံရေးဘောဂဗေဒသီအိုရီကို မဖြစ်မနေသုံးကိုသုံးဖို့ လိုအပ်ပြီး ၂၀ရာစုနဲ့ ၂၁ရာစုအစ ကမ္ဘာ့သမိုင်းမှာလည်း စီးပွားပျက်ကပ်တွေကြုံတိုင်း ၁၉၃၀ နောက်ပိုင်းကစပီး ကိန်းစ်ရဲ့အယူအဆနဲ့ပဲ ရှော့ခ်ရိုက်ပီး နိုင်ငံတွေ စီးပွားရေးအကျပ်အတည်းကနေလွတ်မြောက်ခဲ့ကြရတာပဲဖြစ်ပါတယ်။ ဥပမာ အမေရိကန်သမ္မတ ဖရန်ကလင်ဒယ်လာနိုရုစဗဲ့လ်ဆိုရင် ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ကို ကုစားဖို့ ၁၉၃၃ ခုနှစ်တွင် သူသမ္မတဖြစ်လာချိန် ကိန်းစ် အကြံပြုတဲ့ စီးပွားရေးအကြံပေးချက်တွေအတိုင်း အကောင်အထည်ဖော်ပြီး အခြေခံလူတန်းစား အလုပ်သမားတွေရဲ့အကျိုးကိုကြည့်ပြီး တိုင်းပြည်ရဲ့စီးပွားရေးကိုပါ ပြန်လည်ဦးမော့လာစေဖို့ ဆွဲခေါ်ခဲ့သလို အမေရိကန်သမ္မတ ဘားရက်အိုဘားမားလည်း ၂၀၀၉ ခုနှစ်မှာ သမ္မတဖြစ်လာပြီးနောက် ၂၀၀၈ ကမ္ဘာ့စီးပွားပျက်ကပ်ကို အလားတူပဲ ဖြေရှင်းပေးခဲ့ပါတယ်။

ကျနော့်အနေနဲ့ ပညာရပ်ရှုထောင့်အရ ပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ စဉ်းစားရုံနဲ့ မပြီးပဲ အခြေခံလူတန်းစားကို လူလူချင်းစာနာဖို့ အထူးသဖြင့် အခုလိုအကျပ်အတည်းအခြေအနေမျိုးမှာ ပိုပြီး သူတို့ဘက်ကစာနာသနား‌ပေးဖို့ ဒီ အခြေခံလူတန်းစား ဆင်းရဲသားတွေအပေါ် လူသားချင်းစာနာသနားမှုကိုလည်းပြသဖို့ လိုအပ်တယ်လို့ ကျနော့်ရဲ့ ကျောင်းက ဆရာတွေရဲ့ သင်ကြားပေးမှုအရ မှတ်သား နာယူရပါတယ်။ အဲ့ဒီ့တော့ ကျနော့်ဆရာတွေ သင်ပေးခဲ့တာအရ အခုလို ကမ္ဘာ့စီးပွားပျက်ကပ်ကာလမှာရော၊ ကမ္ဘာ့စီးပွားပျက်ကပ်မဟုတ်တဲ့ကာလမှာရော အလုပ်ရှင် – အလုပ်သမားပဋိပက္ခမှာရော စာရေးသူ ကျနော့်အမြင်ကတော့ ရှင်းလင်းပြတ်သားပါတယ်။ ဈေးကွက်မှာ အလုပ်သမားနဲ့ အလုပ်ရှင် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိနိုင်မည့်အခြေအနေ (win-win situation) ဖြစ်ဖို့ကိုတော့ အခြေခံမူအနေနဲ့ကျနော်လက်ခံတယ် ၊ ငြင်းစရာအထူးတလည်မရှိပါဘူး။ ဒါပေမဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ညှိမရလို့ရှိရင်တော့ နစ်နာတာက မွဲတဲ့ အလုပ်သမားက ပိုနစ်နာမှာ ဖြစ်တဲ့အတွက် လူသားချင်းစာနာမှုအရ ဆင်းရဲမွဲတေတဲ့လူဘက်တော့ ကျနော်ပိုရပ်ရပါလိမ့်မယ်။ ဘာလို့လဲဆို ကျနော်က ကိန်းစ်ရဲ့‌ နိုင်ငံရေးဘောဂဗေဒအမြင်ကို နှစ်သက်ပီး နိုင်ငံရေးအရ ဗိုလ်ချုပ်အောင်ဆန်းယုံတဲ့ လက်ဝဲအလယ်အလတ်(Centre-Left) ဝါဒီတစ်ဦးဖြစ်လို့ ဖြစ်ပါတယ်။ ဒီအလုပ်ရှင်-အလုပ်သမားပဋိပက္ခကိစ္စမှာ လက်ယာယိမ်းနီယိုကွန်ဆားဗေးတစ်ဝါဒီနဲ့ အလယ်အလတ်ယိမ်း နီယိုလစ်ဘရယ်ဝါဒီများအနေနဲ့ကတော့ အခုကျနော့်ရဲ့ သဘောထား အမြင်ဆောင်းပါးအာဘော်ကို မနှစ်သက်ကြတာမျိုး ရှိနိုင်ပါတယ်။ ဒီကမ္ဘာ့စီးပွားပျက်ကပ်ကာလ အလုပ်ရှင် – အလုပ်သမားပဋိပက္ခနဲ့ ပတ်သက်ပီး လူကြီးမင်းတို့လည်း ကိုယ်အမြင်၊ ကိုယ့်အယူအဆရှိမှာဖြစ်လို့ ယင်းအပေါ် ခိုင်မာစွာရပ်တည်မယ်ဆိုတာ ယုံမှားသံသယမရှိပါဘူး။

ဒါဟာ ဒီမိုကရေစီအရ ကျနော်တို့လူသားအားလုံးရထိုက်တဲ့ ပြည်သူ့ရပိုင်ခွင့်နဲ့နိုင်ငံရေးရပိုင်ခွင့် (Civil and Political Rights) များထဲကတစ်ခုဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့် (Freedom of Expression) အရ ကျနော်တို့အားလုံး အမြင်ကွဲပြားခွင့်ရှိတယ်ဆိုတာကို အခြေခံပြီး ဒီအတွေးအမြင်ဆောင်းပါးကို ရေးသားလိုက်ရပါတယ်။

 

photo credit- www.dreamstime.com

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဤဆောင်းပါးပါ ဖော်ပြရေးသားချက်၊ တွေ့ရှိချက်၊ လေ့လာဆန်းစစ်ချက်နှင့် သုံးသပ်ချက်များသည် စာရေးသူ၏ အတွေးအမြင်ပေါ်တွင်သာဖြစ်ပြီး အင်းလျားဘောဂဗေဒ၊ အင်းလျားဘောဂဗေဒ၏ ဒါရိုက်တာဘုတ်အဖွဲ့၊ ရုံးအဖွဲ့ဝင်များနှင့် အင်းလျားဘောဂဗေဒ မိတ်ဖွဲ့ အဖွဲ့အစည်းများတို့၏ အမြင်များကို ကိုယ်စားမပြုပေ။