ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကို ပြည်သူနှင့် အစိုးရက ဘယ်ပုံ၊ ဘယ်နည်းနဲ့ တုံ့ပြန်သင့်သလဲ။

ရေးသားသူ – သူရိန်လွင်

၁။ တရုတ်နိုင်ငံရှိ ၉ ခုမြောက် လူဦးရေ အထူထပ်ဆုံး မြို့ဖြစ်သည့် ဝူဟန်မြို့မှ ပင်လယ်စာရောင်းချသည့် ဈေးတစ်ခုမှသည် တိရစ္ဆာန်များ၊ ထို့မှတစ်ဆင့် လူသားများသို့ကူးစက်ပြီး လူလူချင်းပြန်လည်ကူးစက်သော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသစ်ကို ၂၀၁၉ ဒီဇင်ဘာလကုန်တွင် စတင်တွေ့ရှိခဲ့ပါသည် (WHO, 2020)။

၂။ မြန်မာနိုင်ငံသည် ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံအား တရားစွဲဆိုမှုကို မြန်မာအစိုးရအနေဖြင့် ကြိုးစားဖြေရှင်းခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီလလယ်မှစ၍ တရုတ်နိုင်ငံမှ ကျောင်းသားများကို အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ချိန်အထိ အဆိုပါ ကူးစက်ရောဂါအပေါ် စောင့်ကြည့်၍ ပြင်ဆင်ခဲ့ပါသည်။

၃။ ၁၁ရက်နေ့ မတ်လ ၂၀၂၀ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ်ကြေညာခဲ့သည့်အတွက် ပြည်သူသို့ ပန်ကြားချက်ကို မတ်လ ၁၃ရက်နေ့၊ ၂၀၂၀ခုနှစ်တွင် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်နောက်ပိုင်းတွင် မြန်မာအစိုးရမှ ကူးစက်ရောဂါကို ကာကွယ်ရန် အစွမ်းကုန် အရှိန်မြင့်လုပ်ဆောင်ခဲ့ပါသည်။ သမ္မတရုံးမှ ပြည်သူများသို့ ပန်ကြားလွှာထွက်ပြီး နောက်ပိုင်း ပြည်သူများ၏ စိုးရိမ်မှုလွန်စွာ မြင့်တက်လာပြီး၊ ဈေးဝယ်စင်တာများတွင် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုဖြစ်စေသည်အထိ ဝယ်ယူမှုများဖြစ်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်တည်ငြိမ်ခဲ့ပါသည်။ အချို့သော စားသုံးကုန် ပစ္စည်းများမှာ ဈေးတက်ခဲ့ပါသည်။

၄။ ထို့နောက် မတ်လ ၁၃ရက်နေ့တွင် Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ Coronavirus Disease 2019 (Covid-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအရ သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီတို့ကို အသီးသီးဖွဲ့စည်းခဲ့ပြီး၊ ဗဟိုဘဏ်မှလည်း တစ်နှစ်လျှင်အတိုးနှုန်း ၁၀ရာခိုင်နှုန်းမှ ၈.၅ရာခိုင်နှုန်းသို့ (မတ်လ ၂၄နေ့အထိ) လျှော့ချခြင်းများဖြင့် စီးပွားရေးအရ ထိခိုက်မှုများကို ကာကွယ်နိုင်ရန် လုပ်ဆောင်ခဲ့ပါသည်။

၅။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၆ရက်နေ့တွင် အစိုးရက ဘယ်လိုကောင်းမွန်တဲ့ အစီအစဉ်တွေပဲ ချမှတ်၊ ချမှတ်၊ အမှန်တကယ် ထိရောက်အောင်မြင်ဖို့ဆိုရင်၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှ ဖြစ်မယ်ဆိုတာ ကျွန်မအကြိမ်ကြိမ်ပြောခဲ့ဖူးတဲ့ စကားဖြစ်ပါတယ်။ အခု COVID-19နဲ့ ပတ်သက်လို့ ဒီစကားကို အထူးအလေးထားစေလိုပါတယ်။ ကျန်းမာရေးလိုအပ်ချက်အရ လူစုလူဝေး မဖြစ်အောင် လိုက်နာဆောင်ရွက်ဖို့မှာ ပြည်သူတွေက အဓိကပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာရေးမှာ ပြည်သူတွေက အဓိကပါ။ ယခုလိုအချိန်အခါမျိုးမှာ မတိကျမမှန်ကန်တဲ့ သတင်းတွေ မပြန့်ပွားရေး ဆောင်ရွက်ရာမှာလည်း ပြည်သူတွေက အဓိကပါ။ အစိုးရိမ်လွန်ပြီး၊ ရိက္ခာစုဆောင်းရေးကဲ့သို့သော မတည်မငြိမ်ဖြစ်စေမယ့် လုပ်ရပ်များမဖြစ်ပေါ်ရေးမှာလည်း ပြည်သူတွေက အဓိကပါ။ ပြည်သူတွေ အပြည့်အဝပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျွန်မတို့ရဲ့ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာပါ။ဟု သမ္မတအိမ်တော်မှ ပြောကြားခဲ့သည် (ဒေါ်အောင်ဆန်းစုကြည်, ၂၀၂၀)။

၆။ ပြည်သူများဘက်က ဘယ်ပုံ၊ ဘယ်နည်းနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကို မည်ကဲ့သို့ တုံပြန်မလဲ?

ပြည်သူများသည် မိမိအသက်ရှင်ရပ်တည်ရန် လိုအပ်သောအလုပ်တစ်ခုကို ကျန်းမာရေးအခြေအနေကြောင့် မဟုတ်ဘဲ ရပ်ပစ်ခြင်းမျိုး မလုပ်သင့်သလို၊ လိုအပ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဆက်လက်သုံးစွဲသင့်သည်။

ပြည်သူများမှ –

(က) ပြည်သူများမှ မလိုအပ်ဘဲ အခြေခံစားသုံးကုန်ပစ္စည်းများကို မဝယ်ရန်၊

(ခ) ဘဏ်များတွင် အပ်နှံထားသော ပိုက်ဆံများ မလိုအပ်ဘဲ မထုတ်ရန်၊

(ဂ) မလိုအပ်ဘဲ သွားလာ ထိတွေ့ ဆက်ဆံရေးများ မပြုလုပ်ရန်၊

(ဃ) ကျန်းမာရေးအသိများကို အချင်းချင်း ပြန်လည် ဖြန့်ဖြူးရန်၊

(င) ကပ်ရောဂါသည် ရေရှည်ပုံသဏ္ဍာန်သို့ ပြောင်းလဲလာပါက ပြည်သူများမှ ရေရှည်ကြံကြံခံနိုင်ရန်အတွက် အချင်းချင်းစောင့်ရှောက်ရန် လိုအပ်ပါသည်။

၇။ စီးပွာရေးလုပ်ငန်းများမှ ဘယ်လိုတုံ့ပြန်သင့်သလဲ?

ယခင်အတိုင်း ဝယ်လိုအားများ မကျသွားစေရန် တွန်းအားပေးကြိုးစားပါ။ စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စားသုံးများမှ ဆက်လက် သုံးစွဲနေရန်လိုအပ်ပါသည်။ စီးပွားရေးလုပ်ငန်းများသည် စီးပွားရေးအဆောက်အအုံအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်သောနေရာတွင်ရှိပါသည်။ စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်နှင့် ကုန်ပစ္စည်းများကို စားသုံးသူများမှာ ပြည်သူများဖြစ်ပြီး အဆိုပါ စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသော လုပ်သားများသည်လည်း ၎င်းစီးပွားရေးလုပ်ငန်းများ၏ စားသုံးသူ ပြည်သူများသားဖြစ်ပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ရောင်းလိုအားမကျသွားစေရန် တစ်ဖက်တွင် ၎င်းတို့၏ စားသုံးသူများမှ အရင်အတိုင်း ပုံမှန်ဝယ်ယူနေစေဖို့ရန် ကြိုးစားရန် လိုအပ်ပါသည်။ ထိုသို့ကြိုးစားရခြင်းသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းအတွက်သာမက စီးပွားရေးအဆောက်အအုံတစ်ခုလုံးကိုပါ အကျိုးသက်ရောက်မှုရှိစေပါသည်။ အလုပ်ရှိခြင်းကြောင့် အိမ်ထောင်စုများ၌ ဝင်ငွေသေချာရှိခြင်းသည် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဝယ်ယူစေဖို့ရာ အထောက်အကူဖြစ်သလို၊ ထိုသို့ဝယ်ယူခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်တည်တံ့ခြင်းသည် အဆိုပါစီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော လုပ်သားများ၏ ဝင်ငွေကိုလဲ သေချာစေသည်။ အဆိုပါလုပ်သားများသည်လဲ ဝင်ငွေရရှိခြင်းဖြင့် အခြားသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို သုံးစွဲကြ၍ စီးပွားရေးအဆောက်အအုံတစ်ခုလုံးကို လည်ပတ်စေရန် အကျိုးသက်ရောက် စေပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိမိ၏ စီးပွားရေးလုပ်ငန်းများကို လုံးဝ ရပ်တန့်ခြင်းမျိုး မပြုလုပ်သင့်ပေ။

Source: https://image3.slideserve.com/5977630/the-circular-flow-diagram2-l.jpg

၈။ အစိုးရဘက်က ဘယ်ပုံ၊ ဘယ်နည်းနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကို မည်ကဲ့သို့ တုံ့ပြန်မလဲ?

အစိုးရအနေနဲ့ လုပ်သင့်တာ၊ လုပ်နိုင်တာ၊ လုပ်လို့ရတာမှန်သမျှကို အချိန်နှင့်တပြေးညီ ရဲရဲဝင့်ဝင့်ဆက်လက်လုပ်ဆောင်ပါ။

(က)အစိုးရအနေနဲ့ လုပ်သင့်တာမှန်သမျှ၊ လုပ်ရမှာ မှန်သမျှအကုန် လုပ်နေပါတယ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ မတ်လ ၂၄ရက်နေ့တွင် ပြောကြားခဲ့ပြီး၊  လက်ရှိမြေပြင်တွင်လဲ အစိုးရအနေဖြင့် ယခင်က မကြုံဖူးသလောက် မြန်ဆန်စွာ စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်နေသည်များကို အသိအမှတ်ပြုပါသည်။ လက်ရှိအခြေအနေတွင် ကပ်ရောဂါကြောင့် အဓိက ခေါင်းခဲနေရသော၊ အခက်တွေ့ကြုံနေရသော လူတန်းစားမှာ လူများနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သော တစ်နေ့လုပ်တစ်နေ့စား ကော်လံပြာလုပ်သားများသာမက နည်းပါးသော လစာဖြင့် ရပ်တည်နေရသော လုပ်သားများ ဖြစ်သည်။ အချို့ကဏ္ဍများတွင် အစိုးရမှ ထောက်ပံ့ရန် စီစဉ်ထားသော်လည်း၊ အချို့ကဏ္ဍများတွင်မူ အစိုးရအနေဖြင့် ထောက်ပံ့ရန် အခက်အခဲရှိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတိုင်းလိုလိုရှိ အစိုးရများအနေဖြင့် ကဏ္ဍအလုံးစုံကို ထောက်ပံ့ပေးနိုင်ရန် လိုအပ်သောငွေကြေး အလုံအလောက်မရှိပေ။ ထိုကြောင့် ရှိနေသောငွေကြေးကိုသာ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ရန် အရေးကြီး။

(ခ) အလုပ်များ ပိတ်သိမ်းခြင်းနှင့် ရပ်တန့်ခြင်းများသည် လူချင်းထိတွေ့ ဆက်ဆံရန် လိုအပ်သော လုပ်ငန်းများရှိ အခြေခံလုပ်သားများအတွက် ထိခိုက်မှုများစွာ ဖြစ်စေသည်။ အဆိုပါ လုပ်သားများအတွက် အလုပ်အကိုင်ဖန်တီးပေးသော်ငြားလည်း၊ တစ်ဖက်တွင်လည်း လူများစွာဖြင့် အလုပ်လုပ်ရသော စက်ရုံလုပ်သားများမှာ ကူးစက်ရောဂါကူးစက်နိုင်ခြေပိုများပါသည်။ ထိုအခါ အစိုးရမှ လုပ်သားများ အလုပ်လက်မဲ့မဖြစ်အောင် တစ်ဖက်တွင် ဖန်တီးပေးနေသော်လည်း၊ တစ်ဖက်တွင် အဆိုပါလုပ်သားများ ရောဂါကူးစက်ခံရပါကလဲ လူများစွာ ရောဂါဖြန့်ဖြူးမှုဖြစ်အောင် အားပေးသကဲ့သို့ ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အစိုးရအနေနဲ့ လုပ်သားအများအပြားဖြင့် လုပ်ဆောင်ရသော စက်ရုံ၊ အလုပ်ရုံများကို ကျန်းမာရေး စီစစ်ထောက်ပံမှုများ အစွမ်းကုန် လုပ်ဆောင်ပေးသင့်ပါသည်။

(ဂ) အစိုးရ၏ ထိန်းချုပ်နိုင်သော အခွင့်အာဏာများကို ရဲရဲဝင့်ဝင့် ကျင့်သုံးပါ။ ယခုမှစတင်၍ အရေးပေါ်ရန်ပုံငွေများမှ တစ်ဆင့် အလုပ်လက်မဲ့ အာမခံစနစ်ကို စတင်အသက်သွင်း၍ အဆိုပါလုပ်သားများကို လစာထောက်ပံ့ခြင်းဖြင့် အိမ်တွင် နေစေခြင်းသည် ရောဂါပြန့်ပွားမှုကိုလဲ ထိန်းချုပ်နိုင်စေပါသည်။ ထို့အပြင် ဗဟိုဘဏ်၏တစ်နှစ်လျှင် အတိုးနှုန်းကို ၅ရာခိုင်နှုန်းနီးပါးအထိ လျှော့ချသင့်ပြီး၊ တစ်ဖက်တွင်လည်း ငွေကြေးဖောင်းပွမှုကို လိုအပ်သလောက်သာ ထိန်းသိမ်းပြီး၊ စီးပွားရေးကို လက်ရှိအချိန်တွင် ကျားကန်ပေးရန်အတွက် လိုအပ်ပါက ရဲရဲဝင့်ဝင့်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ငွေများကိုရိုက်ထုတ်၍ ငွေကြေးဖောင်းပွစေခြင်းဖြင့် စီးပွားရေးကို တွန်းတင်ထားနိုင်ပါသည်။ ငွေကြေးဖောင်းပွမှုမှာ ရေရှည် ပြဿနာဖြစ်သည့်အတွက် ရေရှည်တွင် ပြန်လည်ဖြေရှင်းနိုင်ပါသည်။ သို့သော် ရေရှည်ကို စိုးရိမ်၍ ရေတိုကာလတွင် လုပ်သင့်သည်များကို ရဲရဲဝင့်ဝင့်မလုပ်လျှင် ပို၍ ဆိုးဝါးစေနိုင်ပါသည်။ ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒဆိုသည်မှာ အစိုးရတွင်သာ ထိန်းချုပ်၍ လုပ်ပိုင်ခွင့်ရှိသော အာဏာဖြစ်ပါသည်။ အစိုးရမှ မထိန်းချုပ်နိုင်သည်မှာ ပြည်သူများ၏ စိုးရိမ်မှုပင် ဖြစ်ပါသည်။ ယခုလို အခြေအနေတွင် အစိုးရအနေဖြင့် ပြည်သူများနှင့် နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်မှသာလျှင် ပြည်သူများ၏ စိုးရိမ်မှုကို ထိန်းထားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အစိုးရကိုယ်စား (အများအားဖြင့်) အနေဖြင့် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်တည်းကိုသာ အားပြုသော ထိတွေ့ ဆက်ဆံမှုများထက် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အနုပညာရှင်များကိုလည်း ပြည်သူများနှင့်အကြား ပေါင်းကူးသဖွယ် လုပ်ဆောင်ပေးစေခြင်းမျိုး ကဲ့သို့သော နည်းလမ်းမျိုးစုံကို အသုံးချ၍ ကျန်းမာရေးအသိ၊ စီးပွားရေးအသိများကို ဖြန့်ဖြူး၍ပြည်သူများ၏ စိုးရိမ်မှုကို ထိန်းသိမ်းရမည် ဖြစ်သည်။

(ဃ) ဘဏ္ဍာရေးအရ ကျားကန်မှုကို အချိန်မှီမြင့်တင်ပါ။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် Coronavirus Disease 2019 (Covid-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအရ သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီတို့သည် ဘဏ္ဍာရေးအရ လှုံဆော်မှု(Fiscal Stimulus) သဘောဆန်သည့် ပုံစံဖြင့် အထည်ချုပ်လုပ်ငန်းများသို့ လိုအပ်သော ငွေကြေးထည့်ဝင်ပေးရန် စီစဉ်ခဲ့ပါသည်။   ထိုကဲ့သို့ အစိုးရမှ လိုအပ်၍ ထိခိုက်နိုင်ခြေများသော ကဏ္ဍကို အာရုံစိုက် အကာအကွယ်ပေးသည်မှာ လွန်စွာ ဖြစ်သင့်သော ကိစ္စဖြစ်ပြီး၊ အချိန်မှီလုပ်ဆောင်ပေးခဲ့သော ဝန်ကြီးဌာနကို ကျေးဇူးတင်ရမည်ဖြစ်ပါသည်။

(င) စုစုပေါင်း ဝယ်လိုအား တိုးတက်သေချာစေခြင်းဖြင့် ပြည်သူများ၏ စီးပွားရေးအရ ခံနိုင်ရည်စွမ်းအားကို ဆက်လက်မြင့်တင်ပါ။ ပြည်သူများသည် လက်ရှိစုဆောင်းထားသော ငွေများသည် တစ်လစာအတွက် တောင့်ခံရန် ဖြစ်နိုင်သော်လည်း၊ ၂လမှ ၃လအထိ ကြာလာပါက လူများတွင် လည်ပတ်နေသော ငွေကြေးများနည်းပါးသွားနိုင်ပြီး၊ ငွေကျုံ့ခြင်းဖြစ်ပေါ်လာကာ၊ စုစုပေါင်း ဝယ်လိုအားကျဆင်း၍ စီးပွားရေး အဆောက်အအုံတစ်ခုလုံး ထိခိုက်စေနိုင်ပါသည်။ စီးပွားရေးအဆောက်အအုံတွင် စုစုပေါင်း ရောင်းလိုအား ကျဆင်းခြင်းထက်၊ စုစုပေါင်း ဝယ်လိုအားကျဆင်းခြင်းက ပို၍ ထိခိုက်မှုများစေပါသည်။ စုစုပေါင်း ဝယ်လိုအား ကျဆင်းခြင်းသည် ထုတ်ကုန်များထပ်မံထုတ်လုပ်ရန် မက်လုံးလျော့ကျလာပြီး၊ ကုန်ပစ္စည်းထုတ်လုပ်သူများထုတ်လုပ်မှု ကျဆင်းလာကာ အဆိုပါ လုပ်ငန်းများတွင် မှီခိုနေရသော လုပ်သားအလွှာအသီးသီးသို့ အနုတ်လက္ခဏာဆောင်စေနိုင်သည်။ ထို့ကြောင့် အစိုးရသည် ပြည်သူများ၏ စုစုပေါင်းဝယ်လိုအား မကျစေရန်၊ အခွန်အရပ်အရပ်ကို လျှော့ချခြင်း၊ အတိုးနှုန်း သိသိသာသာလျှော့ချခြင်း၊ ငွေကြေးဖောင်းပွမှုကို ပြန်လည်ထိန်းသိမ်းနိုင်သော ပမာဏအထိခွင့်ပြုခြင်း၊ ပြည်သူများ၏ လက်ထဲတွင် ငွေရှိနေစေရန် ပြည်သူများနှင့် ဘဏ်များမှ ဝယ်ယူထားသော ငွေတိုက်၊ ငွေချေးစာချုပ်များကို အစိုးရမှ ပြန်လည်ဝယ်ယူခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ၎င်းတို့ပြည်နယ်ရှိ အဓိက ဦးစားပေး ထုတ်ကုန်များကို ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

(စ) ပြည်သူများမှ စိုးရိမ်သောအဆင့်အထိသာ ရှိနေစေရန် ကြိုးစားပါ။ အစိုးရအနေဖြင့် ပြည်သူများ မရေရာ၊ မသေချာဖြစ်နေချိန်တွင် အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် ပြည်သူများနှင့် အတူကြိုးစားရမည် ဖြစ်ပါသည်။ မရေရာ၊ မသေချာသော အခြေအနေမှ၊ စိုးရိမ်ကြောင့်ကျခြင်း၊ စိုးရိမ်ကြောင့်ကျခြင်း အခြေအနေမှ အကြောက်တရားသို့ ကူးစက်သွားပါက ထိန်းသိမ်းရန် အလွန်ခက်ခဲပါသည်။

၉။ လူမှုရေးကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားပေးပါ။

အစိုးရမှ လက်ရှိလုပ်ဆောင်နေမှုများတွင် ပြည်သူများ၏ ကျန်းမာရေးနှင့် စီးပွားရေးအရ တုံ့ပြန်မှုများကို တွေ့ရသော်လည်း၊ လူမှုရေး ရှု့ထောင့်မှ ချည်းကပ်အဖြေရှာမှုများ အချိန်မှီလုပ်‌ဆောင်ရန် လိုအပ်နေဆဲဖြစ်ပါသည်။

(က) အကျဉ်းထောင်များတွင် သတ်မှတ်လူဦးရေအတိုင်းထားရှိနိုင်အောင် ဆောင်ရွက်ပါ။ နိုင်ငံတော်သမ္မတမှ ၂၀၁၈ခုနှစ်၊ ဇွန်လ၊ ၂၆ရက်နေ့တွင် သမ္မတရုံးအောက်တွင် “မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန”ကို ဖွင့်လှစ်ခဲ့ပြီး၊ လက်ရှိအစိုးရသက်တမ်းအတွင်း အောင်မြင်မှုတစ်ခုအဖြစ်မှတ်ယူထားသော မူးယစ်ဆေးဝါးအမှုဖြင့် ယနေ့အထိအကျဉ်းထောင်များထဲတွင် ရောက်ရှိနေသော လူဦးရေသတ်မှတ်ထားသော လူဦးရေထက် ပိုမိုနေပြီဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်သည် သာမာန်ပြည်သူများအတွက်ပင် ခုခံကာကွယ်ရန် ကိုယ်ခံအားကောင်းစွာဖြင့် စနစ်တကျ သန့်ရှင်းစွာနေထိုင်ရန် လိုအပ်ပါလျှင် အဆိုပါ အကျဉ်းသားများအတွက် ၎င်းတို့၏ကျန်းမာရေးအခြေအနေကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ လက်ရှိတွင် အောင်မြင်မှုတစ်ခုအဖြစ် ဆိုနိုင်သော်လည်း၊ မျှော်လင့်မထားသောအခြေအနေများက ရလာဒ်ကို ပြောင်းပြန်ဖြစ်စေနိုင်ပါသည်။

(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုကို မြင့်တင်ပါ။ မြန်မာနိုင်ငံ၏ ရွေ့ပြောင်းလုပ်သားသည် အိမ်နီးချင်းထိုင်းနိုင်ငံတွင် အများဆုံးရှိသည့်အတွက် ၎င်းတို့၏ ကျန်းမာရေးကို စစ်ဆေး၊ ထိန်းချုပ်၍ ပြန်လည်လက်ခံရသည့် လုပ်ငန်းစဉ်မှာ ထင်ထားသည်ထက် ပိုမိုခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါလုပ်သားများ ၎င်းတို့နေရပ်တို့ပြန်ရောက်လျှင် ကျန်းမာရေးကောင်းမွန်မှုရှိ၊ မရှိ သိရှိစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်လုပ်ဆောင်ရန် လိုအပ်ပါသည်။

(ဂ) ပြည်သူများအတွက် စကားပြောပါ။ လက်ရှိမြန်မာနိုင်ငံတွင် မငြိမ်းချမ်းသော နေရပ်များရှိ ပြည်သူများအတွက်၊ ၎င်းတို့၏ ကျန်းမာရေး ကုသမှုအဆင်ပြေစေရန်နှင့်၊ ရောဂါရှာဖွေ ကုသ ပို့ဆောင်ရသည့် လုပ်ငန်းစဉ်များ ချောမွေ့စေရန်၊ မလိုအပ်သော တိုက်ပွဲများကို နှစ်ဦး၊ နှစ်ဖက်လျှော့ချ၍ အဆိုပါ ရောဂါနှင့် သက်ဆိုင်လာသော အခြေအနေများတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ အစိုးရနှင့် တပ်မတော်တို့အချင်းချင်း ဘုံသဘောတူညီမှု ရနိုင်သော ပြောဆိုဆွေးနွေးမှုများ စတင်ပြုလုပ်ရန် လိုအပ်ပါသည်။

(ဃ) အစိုးရယန္တရားကောင်းမွန်စွာလည်ပတ်နိုင်စေရန်အတွက် ဝန်ထမ်းများ၏ ကျန်းမာရေးကို အထူးအလေးပေး ဂရု့စိုက်ပေးရန်လိုအပ်ပါသည်။

(င) နိုင်ငံတကာနှင့် ဆက်ဆံရေး မြင့်တင်ပါ။ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်နှင့် နှိုင်းယှဉ်လျှင် ယခုအစိုးရအနေဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကျဲပါးသည့် အခြေအနေရှိသည်ဟု ခန့်မှန်းကြပါသည်။ လက်ရှိတွင် အဆိုပါ ဆက်ဆံရေးကို ကပ်ရောဂါပေါ်မူတည်၍ လိုအပ်သော ဆက်ဆံရေးများ ပြန်လည်တည်ဆောက်သင့်ပါသည်။ ကပ်ရောဂါအတွက် ကုသနိုင်သော ဆေးဝါးများထွက်ရှိလာလျှင် မိမိနိုင်ငံမှ အဆင်သင့် ဝယ်ယူနိုင်ရန်အတွက် ကောင်းမွန်သော ဆက်ဆံရေးရှိရန် လိုအပ်ပါသည်။

၁၀။ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် အစိုးရအတွက် စိန်ခေါ်မှု (၃)ချက်

(၁) စီးပွားရေးအရ ကြံကြံခံနိုင်ပြီး၊ ပြည်သူများလဲ ရောဂါပိုးမကူးစက်အောင် တားဆီးနိုင်သော နည်းလမ်းကို ရှာဖွေရခြင်း

(၂) အစိုးရမှ ထိန်းချုပ်နိုင်သည့် ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများသည် မက်ကရိုအဆင့်နှင့် မိုက်ကရိုအဆင့်နှစ်ခုလုံးတွင် ချိန်ကိုက်သားကျ အချိန်မှီ တုံ့ပြန်နိုင်စေခြင်း

(၃) ကပ်ရောဂါသည် ကမ္ဘာတစ်ခုလုံးကြုံတွေ့လာရမည့် စီးပွားရေးကပ်အသွင်သို့ ပြောင်းလဲလာပါက နိုင်ငံ၏ စီးပွားရေး ကြံကြံခံနိုင်ရန် မည်သို့သော နည်းလမ်းများ၊ မဟာဗျူဟာများ စဉ်းစားခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အဆိုပါသက်ရောက်မှုများမှတစ်ဆင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပေါ် အနုတ်လက္ခဏာဆောင်သည့် နိုင်ငံရေးသက်ရောက်မှုများ မဖြစ်ပေါ်လာစေရန် တားဆီးခြင်းတို့ ဖြစ်ပါသည်။

နောက်ဆက်တွဲ

၂၄ရက် မတ်လ ၂၀၂၀ခုနှစ်အထိ စီးပွားရေးနှင့် သက်ဆိုင်သည့် အစိုးရမှ ထုတ်ပြန်ထားသည့် ကိုရိုနာ ဗိုင်းရပ်စ်နှင့် ဆက်စပ်သော ကြေညာချက်များ

အစိုးရ

၁။ ၁၁ရက်နေ့ မတ်လ ၂၀၂၀ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ်ကြေညာခဲ့သည့်အတွက် ပြည်သူသို့ ပန်ကြားချက်ကို မတ်လ ၁၃ရက်နေ့၊ ၂၀၂၀ခုနှစ်တွင် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။ အဓိကအားဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသည် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ(မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်း အပါအဝင်) မပြုလုပ်ကြရန်နှင့် အဆိုပါအခမ်းအနားများ၊ ပွဲလမ်းသဘင်များကို မတ်လ၁၃ရက်နေ့၊ ၂၀၂၀ခုနှစ်မှ စ၍ ဧပြီလ ၃၀ရက်ထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရန်နှင့် လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြင့်သွားမည် ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံးမှ ကြေညာခဲ့ပါသည်။

၂။ မတ်လ ၁၃ရက်နေ့၊ ၂၀၂၀ခုနှစ်တွင် Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဌအနေဖြင့် ဦးဆောင်၍ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းခဲ့ပါသည်။

၃။ မတ်လ ၁၃ရက်နေ့၊ ၂၀၂၀ခုနှစ်တွင် Coronavirus Disease 2019 (Covid-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအရ သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌတာဝန်ဖြင့် နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းခဲ့ပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်

၄။ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၂ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တစ်နှစ်လျှင်အတိုးနှုန်း ၁၀ရာခိုင်နှုန်းမှ ၉.၅ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်လိုက်ပြီး အဆိုပါ အတိုးနှုန်းပြောင်းလဲမှုများသည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ (၁)ရက်နေ့မှ စ၍ အကျိုးသက်ရောက်မှု ရှိမည်ဟု ညွှန်ကြားချက် အမှတ်(၁/၂၀၂၀)ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်အရ အပ်ငွေအပေါ် အတိုးနှုန်းမှာ ၇.၅ရာခိုင်နှုန်း(ထက်မနည်းစေရ)နှင့် ချေးငွေအပေါ် အတိုးနှုန်းမှာ ၁၂.၅ရာခိုင်နှုန်း(ထက်မကျော်လွန်ရ) ပြောင်းလဲလိုက်ပါသည်။

၅။ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၃ရက်နေ့တွင် ညွှန်ကြားချက် အမှတ်(၂/၂၀၂၀)ဖြင့် နိုင်ငံ၏စီးပွားရေးဖွံဖြိုးတိုးတက်မှုအပေါ် ထိရောက်မြန်ဆန်စွာ အကျိုးသက်ရောက်မှု ရရှိနိုင်စေရန်အတွက် ညွှန်ကြားချက် အမှတ်(၁/၂၀၂၀)၏ အကျိုးသက်ရောက်မည့်ရက်ကို ဧပြီလ ၁ရက်နေ့အစား၊ မတ်လ ၁၆ရက်နေ့အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ အဆိုပါ ပြင်ဆင်ချက်အရ ပြည်သူများအနေဖြင့် ဗဟိုဘဏ်အတိုးနှုန်းအပ်ငွေများအပေါ် ပေးရသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများ၊ တနည်း ဗဟိုဘဏ်၏ တစ်နှစ်လျှင် အတိုးနှုန်း ၁၀ရာခိုင်နှုန်းမှ ၉.၅ရာခိုင်နှုန်းကို မတ်လ ၁၆ရက်နေ့မှ စ၍ ပြည်သူများ ခံစားရမည် ဖြစ်သည်။

၆။ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၉ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ် အရောင်း၊ အဝယ်ပြုရာ၌ နိုင်ငံခြားသားပါဝင်ဆောင်ရွက်ရာတွင် ဘဏ်များမှ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ညွှန်ကြားခြင်းကိစ္စအကြောင်းအရာကို ညွှန်ကြားချက် အမှတ် (၃/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

၇။ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၂၄ရက်နေ့တွင် ညွှန်ကြားချက် အမှတ် (၄/၂၀၂၀)ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်းကို ၉.၅ရာခိုင်နှုန်းမှ ၈.၅ရာခိုင်နှုန်းသို့ ၁ရာခိုင်နှုန်း ထပ်မံလျှော့ချ၍ ပြင်ဆင်သတ်မှတ်လိုက်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဧပြီလ ၁ရက်နေ့မှစ၍ အပ်ငွေများပေါ် ပေးရသည့် အတိုးနှုန်း ၆.၅ရာခိုင်နှုန်းနှင့် ချေးငွေများ‌အပေါ်တွင် တောင်းခံနိုင်သည့် အတိုးနှုန်း ၁၁.၅ရာခိုင်နှုန်းဖြင့် အကျိုးခံစားရမည်ဖြစ်သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

၈။ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၈ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ “COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရန်” ကြေညာချက် အမှတ် (၁/၂၀၂၀) ကို ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အောက်ပါတို့ကို ဆောက်ရွက်သွားမည်ဟု ကြေညာခဲ့ပါသည်။

(က) COVID-19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှုအများဆုံး လုပ်ငန်းကဏ္ဌများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ နှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် လုပ်ငန်းအဖြစ် သတ်မှတ်သွားမည်ဖြစ်ပါသည်။

(ခ)ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ် (၅၀) ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် (၅၀) ဘီလီယံ၊ စုစုပေါင်း ကျပ် (၁၀၀) ဘီလီယံကို ကနဦး မ တည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်သွားမည် ဖြစ်ပါသည်။

(ဂ) အဆိုပါ ရန်ပုံငွေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်အများဆုံးခံစားရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ နှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း (၁) ရာခိုင်နှုန်း၊ ချေးငွေကာလ (၁)နှစ် သတ်မှတ်ပြီး  ထုတ်ချေးသွားမည်ဖြစ်ပြီး စီးပွားရေးထိခိုက်မှုအပေါ် မူတည်ပြီး အတိုးနှုန်းနှင့် ချေးငွေကာလကို လိုအပ်သလို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။

၉။ CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ နှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဥ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် ပတ်သက်၍

(က) ၂၀၁၉-(၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ဒုတိယ ၃လပတ်အတွက် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် တတိယ ၃လပတ်အတွက်လည်းကောင်း (၃) လတစ်ကြီမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။

(ခ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် လအတွက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် လအတွက်အထိ လစဥ်ပေးဆောင်ရမည့် ဝင်ငွေခွန်များကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။

၁၀။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂) ရာခိုင်နှုန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိ ကင်းလွှတ်ခွင့်ပေးပါမည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ၁၈ရက်နေ့ မတ်လ၊ ၂၀၂၀ခုနှစ်တွင် ကြေညာခဲ့ပါသည်။

ကိုးကားများ

WHO. (2020, January 21). www.who.int. From https://www.who.int/docs/default-source/coronaviruse/situation-reports/20200121-sitrep-1-2019-ncov.pdf: https://www.who.int/docs/default-source/coronaviruse/situation-reports/20200121-sitrep-1-2019-ncov.pdf

ဒေါ်အောင်ဆန်းစုကြည်. (၂၀၂၀). COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံစာတင်ပြသည့် မိန့်ခွန်း. နေပြည်တော်: မတ်လ.

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဤဆောင်းပါးပါ ဖော်ပြရေးသားချက်၊ တွေ့ရှိချက်၊ လေ့လာဆန်းစစ်ချက်နှင့် သုံးသပ်ချက်များသည် စာရေးသူ၏ အတွေးအမြင်ပေါ်တွင်သာဖြစ်ပြီး အင်းလျားဘောဂဗေဒ၊ အင်းလျားဘောဂဗေဒ၏ ဒါရိုက်တာဘုတ်အဖွဲ့၊ ရုံးအဖွဲ့ဝင်များနှင့် အင်းလျားဘောဂဗေဒ မိတ်ဖွဲ့ အဖွဲ့အစည်းများတို့၏ အမြင်များကို ကိုယ်စားမပြုပေ။