စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်ခံခဲ့ရသော ပြည်သူများသို့ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းမှုများ၏ စုစုပေါင်း ရငွေ၊ သုံးငွေ စာရင်းကို အစီရင်ခံတင်ပြခြင်း
နိဒါန်း
၂၈ မတ် ၂၀၂၅ခုနှစ် မြန်မာစံတော်ချိန် ၁၂ : ၅၀ အချိန်ခန့်တွင် စစ်ကိုင်းဒေသသို့ ဗဟိုပြု၍ ပြင်းအား ၇.၇ မက်ဂနီကျု့ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပါသည်။ အင်းလျားဘောဂဗေဒမှ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ ငလျင်ဗဟိုချက်အနီးရှိ အကူအညီအများဆုံး လိုအပ်နေသော ကျေးရွာများသို့ အမှန်တကယ်ကူညီပေးနိုင်ရန် ငလျင်ဒဏ်ခံ ဒေသများသို့ မြေပြင်ရှိ မိတ်ဆွေများမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဆန်းစစ်လေ့လာမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။
ငလျင်ဒဏ်သက်ရောက်မှု အခြေအနေနှင့် လိုအပ်မှုများကို ဆန်းစစ်ခြင်း
ကျွန်ုပ်တို့၏ မိတ်ဆွေများ ရောက်ရှိခဲ့သည့် ဒေသများတွင် ငလျင်ဒဏ်နှင့် စစ်၏ အကျိုးသက် ရောက်မှုများကို ခံစားနေရသည့် ဒေသများ ပါဝင်လျက်ရှိရာ ဒေသခံများအတွက် သန့်ရှင်းသော သောက် သုံးရေ ရနိုင်နိုင်မှုမှာ အလွန်အရေးကြီးသော လုပ်ငန်းကြီးတစ်ရပ် ဖြစ်နေပါသည်။ ငလျင်ကြီး မလှုပ်ခတ် ခင်က အဆိုပါဒေသများတွင် တစ်ပိုင်တနိုင် ရေတွင်းရေကန်များ တူးဖော်ပြီး သောက်သုံးရေ ရရှိနိုင်ရန် လုပ်ဆောင်နိုင်သော ရွာများပါသလို အနီးရှိ မြစ်မှရေကို သွယ်ယူခြင်း၊ သယ်ယူခြင်းများဖြင့် ဒေသခံများ ၏ သုံးရေနှင့် သောက်ရေ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေရခြင်းများ ရှိခဲ့ပါသည်။ သို့သော် ငလျင် ကြီး လှုပ်ခတ်ပြီးသည့်နောက်တွင် မြေအောက်ရေများ လျှံထွက်ကာ နဂိုရှိပြီးရေတွင်းများမှ ရေများ ခမ်း ခြောက်သွားခြင်း၊ သဲများ ပိတ်ဆို့ကာ ရေတွင်းများ ပျက်သွားခြင်း၊ သွယ်ယူထားသော ပိုက်များ ပျက်စီး ခြင်း၊ စက်များ ပျက်ဆီးခြင်း အစရှိသည်တို့ကြောင့် အဆိုပါဒေသများရှိ အိမ်ထောင်စု တစ်ထောင့်ငါးရာ ခန့် သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်မှုနှင့် သုံးရေ အခက်အခဲများ ကြီးစွာဖြစ်ပေါ်ခဲ့ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အဆိုပါ ဒေသများရှိ ရေရှည်အကျိုး ဖြစ်စေနိုင်သည့် ရေတွင်း ရေကန်များ တူးဖော်မှုအပိုင်းကို အခြားသော အလှူရှင်များနှင့် ပူးပေါင်းကာ အကူအညီပေးရန် ဆုံးဖြတ် ခဲ့ပါသည်။ ထို့အတွက် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည့် ငလျင်ဗဟိုချက်အနီးရှိ ကျေးရွာ ဆယ်ရွာရှိ ရေတွင်းများ ပြန်လည်တူးဖော်ခြင်း၊ ရေကန်များ ဆောက်လုပ်ခြင်း၊ ရေသန့်စက်များ ဝယ်ယူ ခြင်း၊ စက်များ လတ်တလော ပြန်လည်နိုင်ပတ်နိုင်ရန် ဆီဖိုးများ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဒေသများရှိ ရေတိုနှင့် ရေရှည် အကျိုးရှိစေနိုင်မည့် ရေအလှူတော်ကြီးကို ပြည်တွင်းပြည်ပရှိ မိမိတို့၏ မိတ်ဆွေများ၏ အကူအညီဖြင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။
ထို့အပြင် အဆိုပါ ငလျင်ဒဏ်သင့်ပြည်သူများပင် စစ်ဘေးဒဏ်ခံနေရသည့်အတွက် ၎င်းတို့ ယာယီနေထိုင်နိုင်ရန် တဲများကိုတည်ဆောက်နိုင်ရန် အတွက်လည်း လှူဒါန်းခဲ့ပါသည်။
စုစုပေါင်း လှူဒါန်းငွေ စာရင်း
အရေးပေါ်တုံပြန်ရေးအဖွဲ့မှ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများ လှူဒါန်းနိုင်ရန် ၃၀ရက် မတ်လ၊ ၂၀၂၅ခုနှစ်မှ ၃၀ရက် ဧပြီလ၊ ၂၀၂၅ခုနှစ်အထိ အလှူငွေလက်ခံခဲ့ပါသည်။
စုစုပေါင်း လှူဒါန်းမှု စာရင်း
| စဉ် | အကြောင်းအရာ | လှူဒါန်းခဲ့သည့် ပမာဏ | မှတ်ချက် |
| ၁။ | ကျေးရွာ(က)တွင် ရေတွင်း ၁တွင်း နှင့် ရေကန်၁ကန် လှူဒါန်းခြင်း | ၃၅ သိန်း | ရေတွင်း တစ်ပေလျှင် ၅၀၀၀ကျပ်ဖြင့် ပေ၅၀၀အတွက် ၂,၅၀၀,၀၀၀ကျပ်
ရေကန် ၅*၇ကန်အတွက် ၅၀၀,၀၀၀ ကျပ် လုပ်အားခ ၅၀၀,၀၀၀ ကျပ် |
| ၂။ | ကျေးရွာ(ခ)အတွက် ရေတွင်း ၁တွင်းနှင့် ရေ ကန် ၁ကန်နှင့် ရေသန့်စက် ၁ခု လှူဒါန်း ခြင်း | ၃၅ သိန်း | တစ်ပေလျှင် ၅၀၀၀ ကျပ်ဖြင့် ပေ၅၀၀ အတွက် ၂၅၀၀၀၀၀ ကျပ်
ရေကန် ၅*၇ကန် အတွက် ၅၀၀,၀၀၀ကျပ် ရေသန့်စက် ၁ခု ၁,၇၀၀,၀၀၀ ကျပ် လုပ်အားခ ၅၀၀,၀၀၀ ကျပ် |
| ၃။ | ကျေးရွာ(ဂ)ရှိ ရေကန်တစ်ကန်အတွက် ဆီ၁ပေပါ လှူဒါန်းခြင်း | ၁,၅၀၀,၀၀၀ ကျပ် | |
| ၄။ | ကျေးရွာ(ဃ)အတွက် ဆီ ၁ပေပါ လှူဒါန်းခြင်း | ၁,၅၀၀,၀၀၀ ကျပ် | |
| ၅။ | စစ်ကိုင်းဒေသရှိ စစ်ဘေးရှောင်ရသည့် ငလျင်ဒဏ်သင့် အရပ်သား ပြည်သူများအတွက် ယာယီတဲဆောက်လုပ်လှူဒါန်းငွေ စုစုပေါင်း | ၅,၀၄၃,၆၇၈ကျပ် | |
| စုစုပေါင်း | ၁၅,၀၄၃,၆၇၈ကျပ် | ဤလှူဒါန်းမှုများကို အခြားသော အလှူရှင်များ နှင့် ပူးပေါင်းကာ ကူညီပေးခဲ့ခြင်းဖြစ်ပြီး၊ မြေပြင်ရှိ မိတ်ဆွေများမှာ ကိုယ့်အိတ်ကိုယ်စိုက်ကာ ကုသိုလ်ပြုခြင်း ဖြစ်ပါသည်။ | |
နိဂုံးချုပ်
မိမိတို့ အင်းလျားဘောဂဗေဒအဖွဲ့အစည်းမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းခဲ့ကြသည့် ပြည်သူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ထိုကဲ့သို့ လှူဒါန်းမှုကိစ္စများကိုပြုလုပ်ပြီးစီးပြီးပါသောကြောင့် အရေးပေါ်တုံပြန်ရေးအဖွဲ့ကိုလည်း ဖျက်သိမ်းပြီး ဖြစ်ပါသည်။ ထို့အပြင် မြေပြင် လှုူဒါန်းမှုများအား ထိရောက်မှုရှိစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ဆောင်ရွက်ပေးပါသော အဖွဲ့သားများနှင့် မိတ်ဆွေများ၊ ပူးပေါင်းအလှူရှင်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အရေးပေါ်တုံပြန်ရေးအဖွဲ့
အင်းလျားဘောဂဗေဒ