သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသော ကြွပ်ကြွပ်အိတ်သုံးစွဲမှုနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတို့၏ အန္တရာယ်

ရေးသားသူ- မေပြည့်စိုး

 

နိဒိန်း

       ကြွပ်ကြွပ်အိတ်များသည် ဈေးနှုန်းသက်သာပြီး အလွယ်တကူ ဝယ်ယူရရှိ အသုံးပြုနိုင်သောကြောင့် လူနေမှုဘဝတွင် နေ့စဉ်အသုံးပြုနေကြသော ပစ္စည်းအဖြစ် နေရာယူ ဝင်ရောက်လာသည်။ ၎င်းသည် စွန့်ပစ်အမှိုက်များထဲ၌ သဘာဝ ပတ်ဝန်းကျင်နှင့် သက်ရှိများအပေါ် ဆိုးကျိုးများစွာဖြစ်ပေါ်စေသော ထုတ်ကုန်လည်းဖြစ်သည်။ စွန့်ပစ်လိုက်သော ကြွပ်ကြွပ်အိတ်များကို အသွင်ပြောင်း၍ ပြန်လည်အသုံးပြုနိုင်မှသာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို အတော်အတန် လျှော့ချနိုင်မည်ဖြစ်သော်လည်း ပလတ်စတစ်များကို စတင် ထုတ်လုပ်နိုင်ခဲ့သော ၁၉၅၀ ပြည့်နှစ်မှစ၍ ပလတ်စတစ်အသုံးပြုမှု တန်ချိန်ပေါင်း ၈.၃ ဘီလီယံထိ ရှိလာခဲ့ပြီး ယင်း၏ ၉ ရာခိုင်နှုန်းကိုသာ ပြန်လည်အသွင်ပြောင်း အသုံးပြုနိုင်ခဲ့ကြသည်။[1] ပလတ်စတစ်ကို အသုံးပြုရသော ထုတ်ကုန်များတွင် ကြွပ်ကြွပ်အိတ်သည် အသုံးအများဆုံးဖြစ်ပြီး အသွင်ပြောင်း၍ ပြန်လည်အသုံးပြုနိုင်မှုမှာလည်း ခဲယဉ်းလှပေသည်။ နှစ်ပေါင်း ၅၀၀ မှ ၁၀၀၀ခန့်အထိ ဆွေးမြေ့ရန်ကြာရှည်သော ကြွပ်ကြွပ်အိတ်များကို ပင်လယ်ထဲတွင် စွန့်ပစ်ပါက ရေနေသတ္တဝါများကို အန္တရာယ်ဖြစ်စေပြီး မီးရှို့ဖျက်စီးပါက အဆိပ်ရှိဓာတ်ငွေ့များ ထွက်ရှိလာပြီး လေထုညစ်ညမ်းမှုကို ဖြစ်စေကာ မြေကြီးထဲတွင် စွန့်ပစ်လျှင်လည်း မြေဆီလွှာပျက်စီး၍ အပင်များ မစိုက်ပျိုးနိုင်တော့ပေ။ လူအများစားသုံးသည့် ပူနွေးသော အစားအစာများကို ထည့်လျှင် ကြွပ်ကြွပ်အိတ်တွင် ပါဝင်သော ဒြပ်စင်ကြောင့် ရောဂါဖြစ်ပွားစေပါသည်။[2] ထို့သို့ သက်ရှိများအပေါ် အန္တရာယ်ဖြစ်စေပြီး ဂေဟစနစ်ယိုယွင်းမှုကို ဖြစ်စေသော ကြွပ်ကြွပ်အိတ်များကို အသုံးပြုမှု လျှော့ချခြင်းနှင့် စနစ်တကျ အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဖြင့် ပြန်လည် အသွင်ပြောင်း ထုတ်လုပ်နိုင်ရန်တို့မှာ အရေးကြီးလှပါသည်။

ပြည်တွင်း အခြေအနေ

      မြန်မာနိုင်ငံအတွက်မူ ကြွပ်ကြွပ်အိတ်များကို အသွင်ပြောင်း၍ ပြန်လည်အသုံးပြုနိုင်ရန် ခက်ခဲနေခြင်းမှာ အမှိုက်ခွဲခြားစွန့်ပစ်မှု မရှိသည့်အပြင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ရှိနေဆဲဖြစ်သောကြောင့်ဟု ကောက်ချက်ချ ရလိမ့်မည်။ မြန်မာနိုင်ငံတွင် အမှိုက်များ ခွဲခြားစွန့်ပစ်ရန် စည်းမျဉ်းစည်းကမ်းများနှင့် အရေးယူမှုများ မလုပ်နိုင်သေးပေ။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မများ ရှိနေသော်လည်း အရေးယူမှုမှာ နည်းပါးလှသည်။ ထို့ကြောင့် လမ်းများ၊ အများပြည်သူနှင့်ဆိုင်သော နေရာများနှင့် ရေမြောင်းများတွင် အမှိုက်စွန့်ပစ်မှုများ ရှိနေဆဲဖြစ်ကာ ရေမြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး သန့်ရှင်းပြီး စိမ်းလန်းသောဝန်းကျင်နှင့် ဝေးကွာနေစေခဲ့ပါသည်။ သို့ရာတွင် ဝန်ထမ်းလုံလောက်မှု မရှိခြင်းမှာ အရေးယူမှုများ ပြုလုပ်ရန် အဟန့်အတားဖြစ်စေသော အချက်တစ်ချက်ပင်ဖြစ်သည်။ ထို့ပြင် ကောင်းမွန် ထိရောက်သော အမှိုက်သိမ်းနည်းစနစ်ကဲ့သိုသော နည်းပညာပိုင်းဆိုင်ရာ အားနည်းနေမှုလည်း ရှိနေသည်။ ထို့အတွက် အမှိုက်သိမ်းဆည်းနိုင်စွမ်း အားနည်းကာ ရန်ကုန်မြို့တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၃၀၀ မှ ၂၅၀၀  ထွက်ရှိမှုတွင် တန်ချိန် ၂၃၀၀ မျှသာ သိမ်းဆည်းနိုင်သောကြောင့် ယခုထက်ပို၍ သိမ်းဆည်းနိုင်ရန် လိုအပ်ပါသေးသည်။[3] စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများအတွက် ထိရောက်စွာ အရေးယူခြင်း မပြုလုပ်နိုင် သေးသောကြောင့်  အမှိုက်ခွဲခြား စွန့်ပစ်မှုအတွက် စည်းမျဉ်း၊ စည်းကမ်းများချမှတ်မှုနှင့် အရေးယူမှုများ ပြုလုပ်ရန်မှာ အလှမ်းဝေးနေပါသေးသည်။ အမှိုက်စိုနှင့် အမှိုက်ခြောက်များကို အမှိုက်အိတ်အရောင်ဖြင့် ခွဲခြား စွန့်ပစ်ရန် စည်းရုံးခဲ့သော်လည်း အမှိုက်အိတ်တစ်ခုထဲတွင် ရောထည့်ပြီး ပစ်နေဆဲဖြစ်သည်။ အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်မှုကို များစွာအထောက်အကူပြုနေသော (လုပ်ဆောင်နိုင်သောနည်းလမ်းဖြစ်ဖို့ရန်) အမှိုက်များ ခွဲခြားစွန့်ပစ်မှုရှိမှသာ မြန်မာနိုင်ငံသို့ ကြွပ်ကြွပ်အိတ် ထုတ်လုပ်သည့် ကုန်ကြမ်းဝင်ရောက်လာမှု (တင်သွင်းနေခြင်း) ကို တစ်စိတ်တစ်ပိုင်းအနေဖြင့်သော်လည်းကောင်း ဟန့်တားနိုင်မည်ဖြစ်သည်။

       မြန်မာနိုင်ငံတွင် ပလတ်စတစ်ထုတ်လုပ်ရန် ရရှိနိုင်သော ကုန်ကြမ်းအရင်းအမြစ်များမှာ ပြည်ပမှ ကော်စေ့အသစ်တင်သွင်းမှု၊ ပြည်တွင်းတွင် အသုံးပြုပြီးသား ပလတ်စတစ်မှ ကော်စေ့ ပြန်လည်ထုတ်လုပ်မှုနှင့် ရာခိုင်နှုန်းအနည်းငယ်သာရှိသော မှောင်ခိုတင်သွင်းမှုတို့ ဖြစ်ကြပြီး အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်မှုမှာ အရည်အသွေးပြည့်မှီရန် လိုအပ်ပါသေးသည်။ ပလတ်စတစ်ထုတ်လုပ်မှု၏ အဓိကကုန်ကြမ်းဖြစ်သော  ကော်စေ့အသစ်များကို ရေနံဘေးထွက်ပစ္စည်းမှ ထုတ်လုပ်ရပြီး ပြည်တွင်းတွင် ထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။ အသုံးပြုပြီးသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများမှ ကော်စေ့အဟောင်းများကို ပြန်လည်ထုတ်လုပ်သော လုပ်ငန်းများ ရှိသော်လည်း နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းသောကြောင့် အရည်အသွေးပြည့်မှီသော ကော်စေ့များ ထုတ်လုပ်ရန် လိုအပ်ပါသေးသည်။ အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်သော ဖြစ်စဉ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို များစွာအကျိုးသက်ရောက်မှုရှိစေသည်။[4]

စွန့်ပစ်ပစ္စည်းများကို အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်သော ဖြစ်စဉ်  လည်ပတ်ပုံ

စွန့်ပစ်ပစ္စည်းများကို အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်သော ဖြစ်စဉ် 

      တစ်ဦးချင်းအမှိုက်စုဆောင်းသူများသည် စွန့်ပစ်အမှိုက်များရှိရာ နေရာအသီးသီးမှ အမှိုက်များကောက်ယူ စုဆောင်းကာ အမျိုးအစားအလိုက်ခွဲပြီး အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်သူများကို ရောင်းချကြပါသည်။ ၎င်းတို့ထံမှ အဓိကဝယ်ယူသူများသည် အသေးစား စွန့်ပစ်ပစ္စည်းဆိုင်များ ဖြစ်ကြပါသည်။ အသေးစား စွန့်ပစ် ပစ္စည်းဆိုင်များသည် အများအားဖြင့် မိသားစုဝင်များဖြင့်သာ လုပ်ကိုင်ကြပြီး အကြီးစား စွန့်ပစ်ပစ္စည်းဆိုင်များသို့ အများဆုံးရောင်းချကြပါသည်။ ထို့နောက် အကြီးစား စွန့်ပစ်ပစ္စည်းဆိုင်များသည်   စွန့်ပစ်အမှိုက် စုဆောင်းမှု အများဆုံးဖြစ်ပြီး အများအားဖြင့် အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်ရန် ကုန်ကြမ်း ထုတ်လုပ်ခြင်းအဆင့် လုပ်ငန်းများနှင့် အသွင်ပြောင်းထုတ်ကုန် ထုတ်လုပ်သောလုပ်ငန်းများသို့ ရောင်းချကြပါသည်။ ထိုမှတဆင့် အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်ရန် ကုန်ကြမ်းထုတ်လုပ်ခြင်း အဆင့်လုပ်ငန်းများသည် စွန့်ပစ်အမှိုက်များကို ဝယ်ယူပြီး ဖလင်အဆင့်ရောက်အောင် အသွင်ပြောင်းကြကာ အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်သော လုပ်ငန်းများကို ရောင်းချကြပါသည်။ စွန့်ပစ်အမှိုက် အသွင်ပြောင်းခြင်းဖြစ်စဉ်၏ နောက်ဆုံးအဆင့်ဖြစ်သော အသွင်ပြောင်းခြင်းလုပ်ငန်းများသည် အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်ရန် ကုန်ကြမ်းထုတ်လုပ်ခြင်းအဆင့် လုပ်ငန်းများမှ အဓိကဝယ်ယူကြပြီး ကုန်ချောအဖြစ်သို့ ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချကြပါသည်။

    တရုတ်နိုင်ငံမှ ၂၀၁၈ခုနှစ်တွင် စွန့်ပစ်အမှိုက်များ တင်သွင်းခွင့် ကန့်သတ်လိုက်သည့်နောက်ပိုင်းတွင် အမှိုက်များ စုပုံနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ရန် စွန့်ပစ်အမှိုက်များကို အသွင်ပြောင်း၍ ပြန်လည် ထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်လာစေရန် ရည်ရွယ်၍ အရပ်ဖက် အဖွဲ့အစည်းများမှ ထောက်ပံ့ပေးမှုများ ပြုလုပ်ပေးလျှက်ရှိသည်။ သို့ရာတွင်လည်း ကြွပ်ကြွပ်အိတ် လုပ်ငန်းများသည် စွန့်ပစ်ပစ္စည်းများမှ ပြန်လည်ထုတ်လုပ်ထားသော ကော်စေ့များကို ၎င်းတို့လုပ်ငန်းများတွင် ပြန်လည် အသုံးပြုနိုင်မှုမှာ ၂၀ နှင့် ၅၀ ရာခိုင်နှုန်းအတွင်းသာ ရှိပြီး ကျန်ရာခိုင်နှုန်းတော်တော်များများထိ အသုံးပြုနိုင်မှုမှာ နည်းပါးကြပါသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း ပြန်လည်ထုတ်လုပ်ထားသည့် ကော်စေ့များကို အစားအသောက်ထည့်သော ကြွပ်ကြွပ်အိတ်များ ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးမပြုနိုင်ခြင်းသည် လည်းကောင်း၊  အိမ်သုံးစွန့်ပစ်ကြွပ်ကြွပ်အိတ်များသည် အညစ်အကြေးများ စွန်းထင်းနေသောကြောင့် ပြန်လည် ထုတ်လုပ်နိုင်ရန် အခက်အခဲများရှိခြင်းနှင့် ၎င်းကော်စေ့များသည် ညစ်သော အရောင်ရှိသောကြောင့် အဖြူရောင် ကုန်ချောများအဖြစ်သို့ ပြန်လည် မထုတ်လုပ်နိုင်သောကြောင့်လည်းကောင်း စသည့် အချက်များကြောင့်ဖြစ်သည်။

ပြည်ပမှ သက်ရောက်မှု

     တရုတ်နိုင်ငံမှ စွန့်ပစ်ပစ္စည်းတင်သွင်းမှုအပေါ် ကန့်သတ်လိုက်သည့်နောက်ပိုင်းတွင် အနောက်နိုင်ငံများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းများ အားနည်းသော အရှေ့တောင် အာရှနိုင်ငံများကို စွန့်ပစ်အမှိုက်များ စုဝေးသည့်နေရာအဖြစ် တွန်းအားပေးခဲ့သည်။[5] ယခင်က တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းမှ စွန့်ပစ်ပစ္စည်းတစ်ဝက်နီးပါးကို ဝယ်ယူခဲ့ပြီး အရည်အသွေးကောင်းမွန်သော ပြည်လည် အသုံးပြုနိုင်သည့် ပစ္စည်းများ ( Recycle products ) ကို ထုတ်လုပ်ခဲ့သည်။ သို့ရာတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုကြောင့် ၂၀၁၈ခုနှစ်တွင် စွန့်ပစ်ပစ္စည်း တင်သွင်းမှုကို ကန့်သတ်လိုက်ခြင်းက တရုတ်နိုင်ငံသို့ စွန့်ပစ်ပစ္စည်းများစွာ တင်ပို့နေသော အင်အားကြီး အနောက်နိုင်ငံများအပေါ် ကြီးမားသော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေသည်သာမက မြန်မာနိုင်ငံမှ စွန့်ပစ်အမှိုက် စုဆောင်းလုပ်ကိုင်နေသူများအပေါ်လည်း သက်ရောက်မှု ရှိလာသည်။ ထိုအချက်ထက် ကြီးမားသော ခြိမ်းခြောက်မှုမှာ အနောက်နိုင်ငံများမှ ၎င်းတို့စွန့်ပစ်ပစ္စည်းများကို တာဝန်ယူမှုမရှိဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုစည်းမျဉ်းများ လျော့ပေါ့သော အရှေ့တောင်အာရှ နိုင်ငံများကို တင်ပို့မှုပင် ဖြစ်သည်။ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် စွန့်ပစ်ပစ္စည်း အများဆုံးတင်သွင်းသော နိုင်ငံများဖြစ်လာပြီး မလေးရှားနိုင်ငံသည် ပလတ်စတစ်တင်သွင်းမှု အများဆုံး နိုင်ငံဖြစ်လာသည်။[6]

အကြံပြုချက်များ

ထိုသို့သော ပြင်ပခြိမ်း‌ခြောက်မှုများနှင့် ပြည်တွင်းရှိ လက်ရှိအခြေအနေများကို ဖြေရှင်းရန် လုပ်ငန်းစဉ် (၄)ချက်ဖြင့် အကြံပြုထားပါသည်။

()       အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံးများ လုံလောက်စွာထား၍ ပြဌာန်းပြီးသား စွန့်ပစ်အမှိုက်ဆိုင်ရာ ဥပဒေများအပြင် လိုအပ်သော ဥပဒေအသစ်များကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့်  တိုးချဲ့ ပြဋ္ဌာန်းကာ ထိရောက်သော အရေးယူမှုများ ပြုလုပ်ရန်နှင့် ပြည်သူများနှင့် ပူးပေါင်းရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းအတွက် ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း ထိရောက်သော အရေးယူမှုများ မပြုလုပ်သောကြောင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများမှာ နေရာတိုင်းတွင် ရှိနေသည်။ အရပ်ဖက်အဖွဲ့အစည်းများနှင့် လုပ်အားပေးပြည်သူများမှ  စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများသော လမ်းများနှင့် ရေမြောင်းများတွင် ဝိုင်းဝန်းအမှိုက်ကောက်ကြသော်လည်း စည်ပင်သာယာမှ အရေးယူမှု မပြုလုပ်သောကြောင့် ထိုနေရာများတွင် အမှိုက်များ ပြန်လည်စွန့်ပစ်မှုများ ထပ်ဖြစ်နေမြဲပင်ဖြစ်သည်။

–  စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု ဖြစ်ရခြင်းသည် အမှိုက်ပစ်ရန် အမှိုက်ပုံးများ လုံလောက်စွာ မထားရှိသောကြောင့် လည်းဖြစ်သည်။ စည်ပင်သာယာအနေဖြင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင်  အများပြည်သူများ အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံးများ လုံလောက်စွာ ထားရှိပေးခြင်းကို  ပထမဦးစွာ လုပ်ဆောင်ရမည့်အချက်ဖြစ်သည်။ ထို့နောက်တွင် လက်ရှိလုပ်ဆောင်နေသော အသိပညာပေးမှုဖြင့် ထိရောက်မှု မရှိသောကြောင့် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လွန်စွာ အရေးကြီးပါသည်။ ထိုသို့ အရေးယူရန် ဝန်ထမ်းလိုအပ်ချက် ရှိနေခြင်းမှာလည်း စည်ပင်သာယာဌာနသည် ကိုယ့်ပိုက်ဆံကိုယ်ရှာ၍ ပြန်လည်သုံးစွဲရသော ဌာနဖြစ်သည့်အလျောက် သန့်ရှင်းရေးဆောင်ရွက်ခအတွက် ကောက်ခံသော ငွေပမာဏသည်လည်း နည်းပါးသည်ဖြစ်ရာ သန့်ရှင်းရေး ဆောင်ရွက်ခများ တိုးမြှင့်ကောက်ခံခြင်းနှင့် ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးခြင်းမှ ဘဏ္ဍာငွေရှာနိုင်ကာ ဝန်ထမ်းခန့်အပ်နိုင်သည်။ အမှိုက်ပုံးလုံလောက်သော အနေအထားတွင် ထိုဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးခြင်းသည် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းကို အဓိက ဖြေရှင်းနိုင်သည့် နည်းလမ်းဖြစ်သည့်အပြင် သန့်ရှင်းရေးဝန်ထမ်း လိုအပ်မှုကိုလည်း ဖြေရှင်းနိုင်သည်။

– စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများကို ပြည်သူများမှ လွယ်ကူစွာတိုင်ကြားနိုင်သော ဖုန်း(သို့) စည်ပင်သာယာရေးလူမူကွန်ယက် စာမျက်နှာမှ တိုင်ကြား အကြံပြုနိုင်သော စနစ်ကို ဖန်တီးပေးပါက ပိုမိုထိရောက်နိုင်သည်။

– စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုအတွက် အရေးယူမှုများ ပြုလုပ်နိုင်ပြီးသည့်နောက်တွင် စွန့်ပစ်ပစ္စည်းများကို အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်နိုင်ရန် အမှိုက်များ ခွဲခြားစွန့်ပစ်ခြင်းကို သက်ဆိုင်ရာစည်ပင်သာယာ ကော်မတီများမှ ဥပဒေအသစ် ထပ်မံ ထုတ်ပြီး သေချာစွာ ကြပ်မတ်သင့်ပေသည်။ အမှိုက်များ ခွဲခြား စွန့်ပစ်ရန် အမှိုက်ပုံးများကို အမျိုးအစားခွဲထားရန် လိုအပ်ပြီး အမှိုက်ပုံးလိုအပ်ချက်အတွက် တာဝန်ယူမှုရှိသော ပလတ်စတစ် လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများထံမှ ထောက်ပံ့မှု ရယူသင့်ပေသည်။ ထို့နောက်တွင် အမှိုက်များကို ခွဲခြားစွန့်ပစ်ခြင်း မပြုလုပ်သူများအား ထိရောက်သော အရေးယူမှုများ ပြုလုပ်ကာ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးသင့်ပေသည်။ ထိုကဲ့သို့ အမှိုက်များ ခွဲခြားစွန့်ပစ်မှုကြောင့် အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်နိုင်မှုကို လုပ်ဆောင်နိုင်ကာ နောက်ဆုံး အမှိုက်စွန့်ပစ်သည့်နေရာရှိ အမှိုက်များအား မီးရှို့ဖျက်စီးခြင်းကြောင့် လေထုညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာ ညစ်ညမ်းပျက်စီးခြင်းတို့ကို ကုစားနိုင်ပေမည်။

()       အစိုးရမှ အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်သောလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးသင့်သည်။ မြို့တော်စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ အနေဖြင့် အမှိုက်ခွဲခြားစွန့်ပစ်မှုကို တင်းကြပ်စွာ စောင့်ကြည့်အရေးယူကာ အမှိုက်အမျိုးအစားများအလိုက် အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်သော လုပ်ငန်းများကို တရားဝင်ရောင်းချနိုင်သော စနစ်ဖြင့် အသွင်ပြောင်းထုတ်လုပ်မှုကို အထောက်အကူများစွာဖြစ်စေပြီး ဌာနအတွက်လည်း ဘဏ္ဍာငွေတိုးလာနိုင်သည်။ စွန့်ပစ်အမှိုက်များမှ ပြန်လည်ထုတ်လုပ်သော ထုတ်ကုန်များ အရည်အသွေးပြည့်မီရန် အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်သော လုပ်ငန်းများကို အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တာဝန်ယူမှုရှိသော ပုဂ္ဂလိကကဏ္ဍများမှလည်း ထောက်ပံ့ပေးမှုများကို ပို၍ ပြုလုပ်သင့်ပါသည်။

()       ပြည်ပနိုင်ငံများမှ စွန့်ပစ်အမှိုက်ဝင်ရောက်လာမှုကို ဥပဒေနှင့်အညီ တင်းကြပ်စွာ ကြပ်မတ်ရန် လိုအပ်ပါသည်။ တရုတ်နိုင်ငံမှ စွန့်ပစ်ပစ္စည်းတင်သွင်းမှုအပေါ် ကန့်သတ်လိုက်သည့် အကျိုးဆက်ကြောင့် အနောက်နိုင်ငံများမှ အာရှနိုင်ငံများအပေါ် (အထူးသဖြင့် အာဆီယံနိုင်ငံများအပေါ်) ၎င်းတို့နိုင်ငံမှ အမှိုက်များစွန့်ပစ်ရာ နေရာအဖြစ် စွန့်ပစ်ရန် တွန်းအားပေးခဲ့သောကြောင့် မြန်မာနိုင်ငံအနေဖြင့် မလေးရှားနိုင်ငံတို့ကဲ့သို့ (စွန့်ပစ်ပစ္စည်းတင်သွင်းရသော) အဖြစ်မျိုး မဖြစ်ပေါ်ရန် တင်းကြပ်စွာ စောင့်ကြည့် သင့်သည်။ ပြည်တွင်းရှိ စွန့်ပစ်အမှိုက်များကို ပြန်လည်အသွင်ပြောင်း ထုတ်လုပ်ရန် နည်းပညာပိုင်း အားနည်းနေသေးသည့် အနေအထားတွင် ပြည်ပမှ စွန့်ပစ်အမှိုက်များ ဝင်ရောက်လာပါက အသွင်ပြောင်း၍ ပြန်လည်မထုတ်လုပ်နိုင်ပဲ အမှိုက်များစုပုံနေမည်ဖြစ်ပြီး ယခုထက်ပို၍ ဂေဟစနစ်ပျက်စီး ယိုယွင်းလာမည်သာ ဖြစ်သည်။

()     စိုးရမှ ကြွပ်ကြွပ်အိတ်သုံးစွဲမှုအပေါ် စည်းမျဉ်းများထုတ်ခြင်းနှင့် ပြည်သူများကို အသိပညာပေးမှုများ ပြုလုပ်သင့်ပါသည်။ အစိုးရအနေဖြင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုကြောင့် ‌ဂေဟစနစ်ပျက်စီးမှုကို လျှေ့ချရန် ဈေးဝယ်ယူရာတွင် ကြွပ်ကြွပ်အိတ်များကို အခမဲ့မပေးဘဲ အခကြေးငွေ ယူရန် စည်းမျဉ်းချမှတ်သင့်ပါသည်။ ထို့အပြင် လတ်တလောတွင် ထိုင်းနိုင်ငံ၌ အသုံးပြုနေသည့် နည်းလမ်းဖြစ်သော အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ ဈေးဝယ်သူများကို ကြွပ်ကြွပ်အိတ်မပေးဘဲ အိတ်များနှင့် ထည့်စရာများကို မိမိကိုယ်တိုင်ယူလာစေကာ ထည့်စရာမပါလာသော သူများကိုလည်း ပလတ်စတစ်အစားထိုးပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနေပါသည်။ မြန်မာနိုင်ငံတွင်လည်း ထိုစနစ်ကို အတုယူကျင့်သုံးသင့်သကဲ့သို့ R သုံးလုံးနည်းလမ်း (Reduce – ပလတ်စတစ်အစားထိုးပစ္စည်းများသုံးစွဲ၍ ပလတ်စတစ် သုံးစွဲမှုကို လျှော့ချခြင်း၊ Reuse – အသုံးပြုပြီးသား ကြွပ်ကြွပ်အိတ်များကို ပြန်လည်အသုံးပြုခြင်းနှင့် Recycle – အသုံးပြုပြီးသား ကြွပ်ကြွပ်အိတ်များကို ကုန်ကြမ်းအဖြစ် အသစ်ပြန်လည်ထုတ်လုပ်ခြင်း)စသည့် နည်းစနစ်များကို ကျင့်သုံးကြရန် အရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးသင့်ပါသည်။   အသိပညာပေးပွဲတွင်လည်း အိမ်တွင်းအမှိုက် ထွက်ရှိမှုကို ထိတွေ့ကိုင်တွယ်နေရသော အမျိုးသမီးများကို ပါဝင်လာစေပြီး အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရန်၊ ဈေးသွားရာတွင် မိမိတွင်ရှိသော အိတ်များကို ယူသွားရန်နှင့် မလိုအပ်ပါက ကြွပ်ကြွပ်အိတ် မယူရန် အစရှိသော နည်းလမ်းများကို ကျင့်သုံးရန် တိုက်တွန်းသင့်ပေသည်။ ပြည်သူများကို အသိပညာ ပေးမှုအပြင် စာသင်ကျောင်းများတွင်လည်း ကြွပ်ကြွပ်အိတ်သုံးစွဲမှုအန္တရာယ်နှင့် အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ခြင်းနည်းလမ်းများကိုလည်း သိရှိလာစေရန် လုပ်ဆောင်ချက်များ ထားရှိစေရမည်။

       နောက်ဆုံးအနေဖြင့် သတ်မှတ်ထားသည့်ထက် ပို၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းပျက်စီးမှုကို ဖြစ်စေသော ပလတ်စတစ်လုပ်ငန်းများကို ကြွပ်ကြွပ်အိတ်ထုတ်လုပ်ခွင့် ပိတ်ပင်ခြင်း (သို့မဟုတ်) ထုတ်လုပ်မှု ပမာဏ ကန့်သတ်ခြင်းစသည်ဖြင့် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချသင့်ပေသည်။

 

ရည်ညွှန်းကိုးကားချက်

[1] https://www.take3.org/the-plastic-facts/

[2] http://monrec.gov.mm/

[3] ——- (2019). An Overview of Myanmar’s Recycling. Building Markets.

[4] ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ. (n.d.). Retrieved from ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန: https://www.ycdc.gov.mm

[5] https://www.breakfreefromplastic.org/2019/06/06/southeast-asia-doesnt-want-to-be-the-worlds-dumping-ground-heres-how-some-countries-are-pushing-back/

[6] https://www.breakfreefromplastic.org/2019/06/06/southeast-asia-doesnt-want-to-be-the-worlds-dumping-ground-heres-how-some-countries-are-pushing-back/

[7] Take 3 For The Sea. (n.d.). Retrieved from The Plastic Facts: https://www.take3.org/the-plastic-facts/ 

 

photo credit: https://www.tecamgroup.com