နည်းပညာ၊ ကြွယ်ဝချမ်းသာမှုနှင့် အစိုးရဝင်ရောက်စွက်ဖက်မှု

Author : Than Tun Soe

           “နည်းပညာတိုးတက်မှုသည် လူ့အဖွဲ့အစည်း၏ ကြွယ်ဝချမ်းသာမှုကို တိုးပွားစေသည်။” တစ်နည်း “နည်းပညာတိုးတက်မှုသည် လူ့အဖွဲ့အစည်းအား ပိုမိုကြွယ်ဝချမ်းသာစေသည်။” နည်းပညာတိုးတက်မှုကြောင့် ကုန်ထုတ်နိုင်စွမ်း တိုးတက်လာသည်။ အရင်က သုံးစွဲသည့် ကုန်ကြမ်းပမာဏအား နည်းပညာသစ် အသုံးပြု၍ ထုတ်လုပ်သော် ကုန်ထွက်ပမာဏသည် တိုးမြင့်လာသည့်အတွက် နည်းနည်းသုံး၊ များများထွက် ဖြစ်လာရာ လူ့အဖွဲ့အစည်းမှာ ကြွယ်ဝချမ်းသာလာမည်။ ထို့အပြင် ဝယ်လိုအားမပြောင်းဘဲ ကုန်ထွက်တက်လာသည့်အတွက် ဈေးနှုန်း ကျဆင်းမည်။ အရင်က ပေးရသော ဈေးနှုန်းထက် ပိုမိုလျော့နည်းသော ဈေးနှုန်းဖြင့် အရင်စားသုံးသည့်ပမာဏကို စားသုံးနိုင်သောကြောင့် စားသုံးသူတို့၏ အကျိုးအမြတ် ပိုထွက်မည်။ ထိုထိုအကြောင်းများကြောင့် “နည်းပညာတိုးတက်မှုသည် လူ့အဖွဲ့အစည်းအား ပိုမိုကြွယ်ဝချမ်းသာစေသည်”ဆိုပြီး ကောက်ချက်ချလိုက်သည်။ အစဉ်အလာဘောဂဗေဒလာ စဉ်းစားချက် ဖြစ်ပါသည်။

           အထက်ပါစဉ်းစားချက်သည် လူ့အဖွဲ့အစည်းတစ်ခုလုံးအား ပိုမိုကြွယ်ဝချမ်းသာစေသည် ဆိုသည်မှာ ယေဘုယျအားဖြင့် မှန်ကန်ပါသည်။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ စုစုပေါင်းကုန်ထွက်သည် အမှန်တကယ်ပင် တိုးတက်လာပါသည်။ စားသုံးသူများက အရင်ထက်ချိုသောဈေးဖြင့် ဝယ်ယူစားသုံးနိုင်သည့်အတွက် ပျော်ပါသည်။ အစိုးရသည် ၎င်းတို့လက်ထက်တွင် တစ်ပြည်လုံး စုစုပေါင်း ပြည်တွင်း ကုန်စည်ထုတ်လုပ်မှုနှုန်း တိုးတက်လာသည်ကို ပြည်သူနှင့် ကမ္ဘာကို တင်ပြနိုင်သည်၊ ၎င်းတို့၏ တိုင်းပြည်သည် စည်ပင်သာယာဝပြောနေသည်ဟု လက်မထောင်နိုင်သည့်အတွက် ၎င်းတို့၏ အောင်မြင်မှုအတွက် ပျော်ပါသည်။ ဤသို့ဖြင့် “နည်းပညာတိုးတက်မှုသည် လူ့အဖွဲ့အစည်းကို ပိုမိုချမ်းသာကြွယ်ဝစေနိုင်သည်” ဆိုသောအဆိုအား စားသုံးသူပြည်သူများနှင့် အစိုးရမင်းများက ပျော်ရွှင်စွာ ချွင်းချက်မရှိ အရှေ့က နေဝန်းထွက်သကဲ့သို့ အမြဲမှန်မည် ဟု ယူဆလိုက်ပါသည်။

         ထိုအချိန်တွင် လူ့အဖွဲ့အစည်း၏ ထောင့်တစ်နေရာမှ သဲ့သဲ့သာ ကြားရသော ငိုကြွေးသံများသည် လစ်လျှူရှုခံလိုက်ရသည်။ နည်းပညာတိုးတက်လာသဖြင့် အရင်လောက် လုပ်သားအင်အား မလိုတော့ပါ၊ သွင်းအားစု လျော့ချနိုင်သည့်စာရင်းတွင် ကုန်ကြမ်းပမာဏသာမက စက်ရုံတွင်းလုပ်ကိုင်သည့် လုပ်သားများ အရေအတွက်ကိုလည်း လျော့ချနိုင်ပါသည်။ တစ်ချို့နေရာများတွင် လူနှင့်စက် တွဲဖက်အလုပ်လုပ်သည်၊ တစ်ချို့နေရာတွင် စက်ကိုသာ လွှဲအပ်ထားလျှင် လူထက်ပင် ပိုမိုတိကျသည်။ ဆိုတော့ လုပ်သားလိုအပ်မှု ကျဆင်းလာပြီး အလုပ်ရှင်သည် လုပ်သားအရေအတွက်ကို သိသိသာသာ လျော့ချလိုက်နိုင်သည်။ လုပ်သားများတောင်းဆိုနိုင်စွမ်း အားနည်းလျှင် အားနည်းသလောက် ပိုမို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါမည်။ လုပ်သားများအတွက် လျောက်ထားနိုင်သော အလုပ်နေရာများ ကျဆင်းလာချိန်တွင် လုပ်သားအရေအတွက် မပြောင်းလဲသည့်အတွက် အလုပ်လက်မဲ့များ တိုးပွားလာမည်။ အလုပ်အကိုင် ရှားပါးချိန်တွင် လုပ်သားများအတွက် လုပ်ခလစာ တောင်းဆိုနိုင်သည့်အခွင့်သည်လည်း အားနည်းလာရာ လုပ်ခလစာများလည်း နိမ့်ပါး လာသည်။ လူ့အဖွဲ့အစည်း၏ အများစုသော အဖွဲ့ဝင်များသည် လုပ်သားများ ဖြစ်ပါသည်။ လုပ်သားများ၏ ဝင်ငွေလျော့ကျ ကျဆင်းလာသော် အဆိုပါလုပ်သားများ၏ ဝယ်ယူနိုင်စွမ်း ကျဆင်းလာမည်။ တိုင်းပြည်၏ အလုံးစုံဝယ်လိုအားသည် အတိုင်းအတာ တစ်ခုအထိ သေချာပေါက် ကျဆင်းပါမည်။ မပြောင်းလဲသော ထုတ်ကုန်ပမာဏပင် အပိုအလျံ ဖြစ်ကုန်ပေမည်။ တိုးမြင့် ထုတ်လုပ်ပါက အလုံးစုံရောင်းလိုအားသည် အလုံးစုံဝယ်လိုအားထက် သေချာပေါက် ကွာဟလာပါမည်။ ဈေးနှုန်းများ ကျဆင်းလာမည်။ ထုတ်လုပ်မှုထိရောက်ခြင်းကြောင်း  ဈေးနှုန်းကျဆင်းသည်မှာ မင်္ဂလာဖြစ်ပါသည်၊ ရောင်းမကုန်၍ ဈေးနှုန်းကျဆင်းမှုကတော့ စီးပွားရေးဆုတ်ယုတ်ခြင်းကို ဦးတည်ပါသည်။ “နည်းပညာတိုးတက်မှုသည် လူ့အဖွဲ့အစည်းကို ပိုမိုကြွယ်ဝချမ်းသာလာစေသည်” ဆိုသော ကောက်ချက်မှာ အခါခပ်သိပ်း ယတိပြတ် မမှန်တော့ဘဲ အက်ကြောင်းထင်လာပေပြီ။” အစိုးရ၏ ကောင်းစွာ ထိန်းကျောင်းမှုမရှိသော ဈေးကွက်တွင် မူလမျှော်မှန်းသည့် လူ့အဖွဲ့အစည်းပိုမိုကြွယ်ဝချမ်းသာလာမည့်အစား စီးပွားရေးဆုတ်ယုတ်မှုကို ဦးတည်သွားနိုင်ပါသည်။

             စီးပွားရေးဆုတ်ယုတ်မှုကို ဦးတည်စေသော အက်ကြောင်းများသည် အထက်ပါတင်ပြသလို စက်ရုံများတွင် ဖြစ်ပွားနိုင်သကဲ့သို့ လယ်ကွင်းများတွင် ဖြစ်ပွားနိုင်ပါသည်။ အစဉ်အလာ လယ်ယာစိုက်ပျိုးရေးဓလေ့မှ နိုးထကာ စက်မှုလယ်ယာသို့ အသွင်ကူးပြောင်းရေးကို အစိုးရများက တက်ကြွလေ့ ရှိပါသည်။ လယ်သမားများသည် အစိုးရတိုက်တွန်းသကဲ့သို့ ထွက်နှုန်းတိုးမြှင့်ချင်သည်မှာ အစိုးရထက်ပင် ပိုပါမည်။ စက်များဝယ်ယူရန် လယ်သမားများအတွက် ငွေကြေးအရင်းအနှီး ဖန်တီးရပါမည်။ စက်များ ဝယ်ယူရန် လယ်သမားကြီး စိတ်ကူးသည်မှာ မပြောင်းလဲသောဈေးနှုန်းနှင့် တိုးမြင့်သောထွက်နှုန်း ဖြစ်ပါသည်။ အကြွေးယူခြင်းဖြစ်စေ၊ အရစ်ကျဝယ်ယူ၍ဖြစ်စေ၊ စုငွေထုတ်၍ဖြစ်စေ စက်များသည် လယ်သမားကြီးဆီသို့ ရောက်လာပေမည်။ စက်များ အသုံးပြုသဖြင့် ထွက်နှုန်းသည် အမှန်တကယ်ပင် တိုးတက်ပါသည်။ အရင်နှစ်များထက် ထွက်နှုန်း မြင့်သဖြင့် လယ်သမားကြီးများ ပျော်ပါမည်။ ထွက်ကုန်များ တိုးမြင့်ထွက်ပြီး ဈေးကွက်ဝယ်လိုအားသည် မပြောင်းလဲသော် ရောင်းလိုအားက ဝယ်လိုအားထက် များနေသဖြင့် စိုက်ပျိုးရေးထွက်ကုန်ဈေးနှုန်းသည် ကျဆင်းသွားပါသည်။ စက်များ ဝယ်ယူစဉ်က ဈေးနှုန်းသည် မပြောင်းလဲနိုင် ဆိုသော စဉ်းစားချက်ဖြင့် ဝယ်ယူခဲ့ပါသည်။ ဈေးနှုန်းသည် အမှန်ပင် ပြောင်းလဲနိုင်ပါသည်။ စားသောက်ကုန်များ ဈေးလျော့နည်းသွားသဖြင့် စားသုံးသူများ ပျော်ရွှင်ပါလိမ့်မည်။ လယ်တောထဲက လယ်သမားကြီးများသည် ပျော်ရွှင်နိုင်မည် မဟုတ်ပါ။ စိုက်ပျိုးရေးထွက်ကုန်ဈေးနှုန်းကျဆင်းသော်လည်း စက်နှင့်စပ်လျဉ်းသော ဈေးနှုန်းသည် ကျဆင်းမည် မဟုတ်။ လူ့အဖွဲ့အစည်းတွင် စားသုံးသူများသာ ရှိသည်မဟုတ်ဘဲ လယ်သမားကြီးများလည်း ပါဝင်ပါသည်။ အခုအခြေအနေတွင် နည်းပညာတိုးတက်မှုသည် လယ်သမားကြီး၏ ချမ်းသာကြွယ်ဝမှုကို တိုးတက်စေနိုင်ပါသလား။ ထို့ကြောင့် “နည်းပညာတိုးတက်မှုသည် လူ့အဖွဲ့အစည်းကို ပိုမိုကြွယ်ဝချမ်းသာစေနိုင်ပါသည်”ဆိုသည်မှာ အခါခပ်သိမ်း မှန်ကန်စေနိုင်ပါသလား။ အစိုးရ၏ ကောင်းစွာ ထိန်းကျောင်းမှုမရှိသော ဈေးကွက်တွင် ဤဒရာမာများ အမှန်တကယ် ဖြစ်ပွားနေသည်။

          လူ့အဖွဲ့အစည်း ကြွယ်ဝချမ်းသာရေးသည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တိုင်းက လိုလားတောင့်တသော အရာ ဖြစ်ပါသည်။ နည်းပညာတိုးတက်မှုသည်လည်း လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြုံကြည့်ပါက ပိုမိုကြွယ်ဝချမ်းသာစေပါသည်။ သို့သော် အချို့သော အဖွဲ့ဝင်များသည် ထိခိုက်နာကျင်မှုကို ခံစားနေရပါသည်။ ထိုထိခိုက်နာကျင်မှုများသည် စိတ်ကောင်း စေတနာအားဖြင့် မရှု့ရက်စရာ ဖြစ်သလို တစ်ချိန်တည်းတွင် ထိခိုက်နာကျင်မှုများသည် လူ့အဖွဲ့အစည်းက လောလောဆယ် တိုးမြှင့်ရရှိနေသော ကြွယ်ဝချမ်းသာမှုများကို ကွဲဆက်စေပြီး ဆုတ်ယုတ်မှုကို ဦးတည်နေပါသည်။ ယခုပင်လျှင် အစိုးရ၏ ကောင်းစွာထိန်းကျောင်းမှုမရှိသော နိုင်ငံများသည် ဖွံဖြိုးပြီးနိုင်ငံ ဖြစ်လင့်ကစား စီးပွားရေးတိုးတက်မှုနှုန်းများ တန့်ရပ်သွားပြီ။ မညီမျှမှုများ ကြောက်ခမန်းလိလိ မြင့်တက်လာပြီး စီးပွားရေး မောင်ပိုင်စီးမှုများသည် ကမ္ဘာနှင့်အဝှမ်း စိုးမိုးထားပါသည်။ လူ့အဖွဲ့အစည်းကြီးသည် နည်းပညာတိုးတက်မှုတွေ အလားအလာကောင်းနေပါလျက် အစိုးရများက ကောင်းစွာ မထိန်းကျောင်းပါသောကြောင့် ရွှေဘုံရွှေနန်းစံနေရသည်ဟု အပေါ်ယံ ထင်နေရသော်လည်း ဘေးတွင် အသူရာနက်သည့် စီးပွားရေးဆုတ်ယုတ်မှုချောက်ကြီးက ထိတ်လန့်စဖွယ် တည်ရှိနေသည်။

ထိုထိုသော အခြေအနေတွင် အစိုးရများအတွက် မူဝါဒလေးခု ကျင့်သုံးနိုင်ပါသည်။

၁၊ စီးပွားရေးကစားပွဲစည်းမျဉ်းများကို ချမှတ်သူမှာ အစိုးရများ ဖြစ်ပါသည်။ လုပ်သားများ၏ တောင်းဆိုနိုင်အားကို စည်းမျဉ်းများအရ တိုးမြှင့်ပေးရန်နှင့် စီးပွားရေးမောင်ပိုင်စီးမှုများကို အားနည်းချိနဲ့စေရန် အစိုးရများက စည်းမျဉ်းများ ရေးဆွဲ အတည်ပြု လိုက်နာ ကျင့်သုံးစေရပါမည်။

၂၊ ဉာဏပစ္စည်းမူပိုင်ခွင့်များ၏ အကျိုးအမြတ်များအား မျှဝေစံစားနိုင်သည့် အခင်းအကျင်းအား အစိုးရများက စီမံရပါမည်။ ပြည်သူလူထုအတွက် ကောင်းကျိုးပြုစေနိုင်သော အခြေခံသုတေသနများအား အစိုးရများက ကမကထပြုရပါမည်။ သို့မှသာ အခြေခံသုတေသနထွက်ကုန်များသည် လူတစ်ဦးတယောက် ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုနှင့် မသက်ဆိုင်ဘဲ လူထုအများနှင့် သက်ဆိုင်ကာ လူထုအများက ကုန်ကျစရိတ်မကြီးစာဘဲ သုံးစွဲနိုင်ပါမည်။

၃၊ နှုန်းတိုးခွန်များအား ဥပဒေပြု ပြဌာန်းပြီး ပြန်လည်ခွဲဝေရေးလုပ်ငန်းများအတွက် အသုံးပြုရပါမည်၊

၄၊ အစိုးရများသည် မညီမမျှ ဖြစ်နေသော စီးပွားရေးအဆောက်အအုံကြီးအား ပြန်လည်တည်ဆောက်ရပါမည်။

စီးပွားရေးမညီမျှမှုကို တောင်းဆိုခြင်းသည် အလုံးစုံညီမျှသော စီးပွားရေးကို တောင်းဆိုခြင်း မဟုတ်သည်ကို သတိချပ်သင့်ပါသည်။ မညီမျှမှုမှတဆင့် မငြိမ်သက်မှုများသည် စနစ်တစ်ခုလုံးကို ပြိုလဲသွားစေနိုင်သည်။ မညီမျှမှုများ ရှိနေချိန်၊ လူ့အဖွဲ့အစည်းတစ်ခုလုံး ကြွယ်ဝချမ်းသာပါလျက် အဖွဲ့ဝင်အချို့ ဆင်းရဲဒုက္ခများကြောင့် သောကဗျာပါဝေနေရချိန်တွင် အခုထက် ပိုမိုညီမျှသော လူ့အဖွဲ့အစည်းသည် လူ့အဖွဲ့အစည်း၏ အပေါ်အလွှာအား ပိုမိုတည်ငြိမ်စေနိုင်သည်ကို မမေ့ရန် လိုပါသည်။ ပိုမိုညီမျှသော လူ့အဖွဲ့အစည်းသည် ပိုမိုကြွယ်ဝချမ်းသာ တည်ငြိမ်ခိုင်မြဲသော လူ့အဖွဲ့အစည်းဆီသို့ သွားရာလမ်း ဖြစ်ပါသည်။

 

ရည်ညွှန်း  ။  ။ People, Power and Profit: Progressive Capitalism for an age of Discontent by JOSEPH E. STIGLITZ

 

၂၃၊ နိုဝင်ဘာ၊ ၂၀၂၀

 

 

photo credit: www.un.org