ရာဇဓမ္မသင်္ဂဟကျမ်း – ရွေးချယ်တင်မြှောက်ခံ ၊ လစာ နှင့် လုပ်ရည်ကိုင်ရည်

Author : Saw Lalbwel Htoo

ရာဇဓမ္မသင်္ဂဟကျမ်း ။ ၎င်းသည် သီပေါကိုယ်တော်ကို ဆုံးမသော ကျမ်းဟု ထင်ရှားသည်။ ဘောဂဗေဒ အမြင်နှင့် ချိန်ထိုးကြည့်လျှင် တင်မြှောက်ခံရသော မဟာသမ္မတသည် လခစားတစ်ဦးဖြစ်ရသည်။ ထိုလစာသည် လည်း ငွေတိုက်စံနစ်မှ ထုတ်ယူသုံးစွဲရသည့် ငွေကြေးပမာဏဖြစ်သည်။ ဆိုထားသော ငွေတိုက်စနစ်သည် ယခုခေတ်အရ ဗဟိုဘဏ်ဟု ဆိုနိုင်သည်။ ထိုစဉ်အခါ တစ်တိုင်းပြည်လုံး ငါ၏ပိုင်ဆိုင်မှုဟုဆိုနိုင်သော သက်ဦး ဆံပိုင်စံနစ်နှင့်  ဖြောင့်ဖြောင့်တန်းတန်း ဆန့်ကျင်သည့် ကျမ်းဖြစ်သည်။

ယောမင်ကြီးဦးဖိုးလှိုင် စီရင်ထားသည့် ရာဇဓမ္မသင်္ဂဟကျမ်းတွင် သင်္ဂဟတရားလေးပါကို ထည့်သွင်း ဖော်ပြထားသည်။ ၎င်းမှာ –

၁။ သဿမေဓ ( ကုန်သည်လယ်လုပ်တို့က စပါးဆန်ရေကြေးငွေ ပေးကမ်းသင့်သည့်အတိုင်း တောင်းခံယူခြင်း)

၂။ ပုရိသမေဓ (စောင့်ရှောက်မည့် အခွန်အတုတ်ကို စောင့်ရှောက်မည့် လူတို့ကို ဝေငှပေးကမ်းခြင်း)

၃။ သမ္မာပါသ (ကုန်သည်လယ်လုပ်တို့ကို အားရှိအောင် စောင်မကြည့်ရှုခြင်း)

၄။ဝါစေပေယျ (ကုန်သည်လယ်လုပ်များနှင့် ဆက်ဆံရာတွင် မျှတစွာ ပြုမူ၍ ချိုသာစွာ ဆက်ဆံခြင်း) တို့ဖြစ်သည်။ (ကျော်ဝင်း, ၂၀၂၀) (မောင်ထင်, ၁၉၈၃)

(ဆရာ)ကျော်ဝင်း ညွှန်းဆိုသည်မှာ ၎င်းသင်္ဂဟတရားလေးပါးသည် ဖီဆီအိုကရေစီ (Physiocracy) ဆိုသော မြေယာဘောဂဗေဒ အယူအဆနှင့် ထပ်တူနီးပါး တူညီသည်ဟု ဆိုသည်။ ဖီဆီအိုကရေစီ အယူအဆတွင် ထင်ရှားသော ဘောဂဗေဒပညာရှင်ဖြစ်သည့် ဖရန်စွာကာနေး၏ ဝင်ငွေလည်ပတ်စီးဆင်းမှု သဘောတရားသည် ယောမင်းကြီးဦးဖိုးလှိုင်၏ အယူအဆနှင့် ထပ်တူနီးပါကျသည်ဟု ဆိုသည်။ သို့သော် မူရင်းကျမ်းသည် ကုန်သည် လယ်လုပ်များ၏ ကူးသန်းရောင်းဝယ်မှုကို အကြီးအအုပ်နှင့် စောင့်ရှောက်သည်။ ကူးသန်းရောင်းဝယ်ခြင်းကို နိုင်ငံတော်အစိုးရမှ တာဝန်ယူ ကုန်သွယ်သည်ဟုဆိုနိုင်သည်။ တိုင်းပြည်မှ ၎င်းတို့အား စောင့်ရှောက်ရန် အခွန်အတုတ် ကောက်ခံသည်။ ၎င်းအခွန်အတုတ်အားဖြင့် ပြည့်ဘဏ္ဍာတိုက်ကို ဖြည့်ဆည်းသည်။ ထိုသို့အားဖြင့် စာရေးသူမှာ ကုန်သွယ်ဝါဒ (Mercantilism) နှင့်ပို၍ ထပ်တူကျသည်ဟု သုံးသပ်မိသည်။

ဘောဂဗေဒ အတွေးအခေါ် အယူဆပိုင်းတွင် အခြေအတင်ဆိုနိုင်သော်လည်း နိုင်ငံရေးအယူအဆသည် ယနေ့ခေတ်အလိုဖြင့် လိုရာဆွဲတွေးနိုင်သည်။ ရာဇဓမ္မသင်္ဂကျမ်း၏ အလိုအရ ပြည်သူတို့မှာ အချင်းချင်းခိုက်ရန် ဖြစ်ပွားလျှင်   ဆုံးဖြတ်မည့်သူမရှိ၍ ကုန်သည် လယ်လုပ်မပြုပါနှင့်၊ စားသုံးနိုင်လောက်အောင် ပေးပါမည်ဆို၍ မဟာသမ္မတ မင်းမြှောက်သည်ဟု ဆိုထားသည်။ သက်ဦးဆံပိုင်ကာလ နှင့် ဒီမိုကရေစီကာလဟူ၍ ကာလကွဲပြားသော်လည်း မယိုးမဆွဲ တူသည်ဟု လိုရာဆွဲတွေးနိုင်သည်ဟု ဆိုရခြင်းဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် အောက်ပါလင့်စ်မှတဆင့် ဆောင်းပါးအပြည့်အစုံကို ရယူနိုင်ပါသည်။