ကချင်ပြည်နယ်၏ ပဋိပက္ခအလွန် ပြည်ပရင်းနှီးမြှုပ်နှံမှုအလားအလာ

ရေးသားသူ – သက်နောင်ဦး

ကချင်ပြည်နယ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့အကြား မြန်မာနိုင်ငံမြောက်ဘက်အစွန်းပိုင်းတွင် တည်ရှိ၍ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ပေါများပြီး ဆွဲဆောင်မှုရှိသည့် တောတောင် သဘာဝပတ်ဝန်းကျင်များရှိရာ ပြည်နယ်တစ်ခု ဖြစ်သည်။ ဒေသထွက် ရွေ၊ ငွေ၊ သဲ၊ ခဲ၊ ပယင်း၊ ကျောက်စိမ်းစသည့် တွင်းထွက်များကြောင့်  နာမည်ကျော်ကြားသည့် ပြည်နယ် တစ်ခုလည်း ဖြစ်သည်။ ကချင်ပြည်နယ်၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် သယံဇာတများ ရှိနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်တစ်ခုလည်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ကချင်ပြည်နယ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကဏ္ဍများတွင် ရေအားလျှပ်စစ်သည် ရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍ ဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံ BRI စီမံကိန်း၏ အစိတ်အပိုင်းများအဖြစ် မြစ်ကြီးနားစီးပွားရေးဇုန်နှင့် ကန်ပိုက်တီ နယ်စပ်ဖွံ့ဖြိုး တိုးတက်ရေးဇုန်များ တည်ထောင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဇန်နဝါရီ ၁၀ရက် ၂၀၂၀ရက်နေ့  ထုတ်ပြန်ချက်အရ သိရသည်။ မြစ်ကြီးနား စီးပွားရေးဇုန်တွင် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပါဝင်နေပါသည်။ မြန်မာနှင့် တရုတ်နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ထိစပ်လျက်ရှိပြီး ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ အများဆုံး ပြုလုပ်လျက်ရှိသည်။ ကန်ပိုက်တီ နယ်စပ်ဖွံ့ဖြိုး တိုးတက်ရေးဇုန်သည် ကချင်ပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးသာမက ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သည့် စီမံကိန်းတစ်ခု ဖြစ်သည်။ စစ်တမ်းတစ်ခုအရ ကချင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ကျောက်စိမ်း၊ ရွှေ၊ သတ္တုတူးဖော်ရေး၊ ရေအားလျှစ်စစ်စသည့် ကဏ္ဍများတွင်သာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေပြီး စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း စသည့်နယ်ပယ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မရှိသေးကြောင်း တွေ့ရသည်။ ထိုကျန်ရှိသည့် လုပ်ငန်းနယ်ပယ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာလျှင် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပဋိပက္ခများရှိနေသည့် ကချင်ပြည်နယ်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် ယခုအချိန်အထိ လုပ်ဆောင်လျက် ရှိနေသည်။ ကချင်ပြည်နယ်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကိုသာ အများဆုံး တွေ့နေရပါသည်။ အခြားနိုင်ငံများအတွက် မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်သည် သယံဇာတများ ပေါကြွယ်ဝပြီး စီးပွားရေး အချက်အချာကျသည် နေရာတစ်ခုဖြစ်သည်။ သို့သော်လည်း ကချင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နည်းပါးနေရခြင်းသည် မည်သည့်အကြောင်းအရာများအပေါ်တွင် မူတည်နေသနည်း။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကြောင့်လား၊ ရင်းနှီးမြှုပ်နှံရန် သတင်းအချက်အလက်များ မရရှိခြင်းကြောင့်လား စသည့် မေးခွန်းများစွာ ရှိနေပါသည်။

ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အလားအလာကောင်းများ ရှိနေသော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ရင်းနှီးမြှုပ်နှံမှုများက ရှေ့မတိုးသာ နောက်မဆုတ်သာ ရှိနေသည်။ သို့သော်လည်း ကချင်ပြည်နယ်အတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနည်းပါးရခြင်း၏ အကြောင်းအရာများတွင် ပဋိပက္ခများသည် အဓိကအရေးကြီးသည့် အချက်တစ်ချက် ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လုံလောက်သော သတင်းအချက်အလက်များ မရရှိခြင်း(Lack access of perfect information) သည်လည်း အရေးကြီးသည့် အချက်တစ်ချက်ပင် ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ စစ်တမ်းတစ်ခုအရ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းသည့် နယ်ပယ်အမြောက်အများ ရှိနေသေးသော်လည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင်သာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများ ရှိနေသေးသည်။ ကချင်ပြည်နယ်သည့် နှစ်ကာလကြာရှည်စွာ ပဋိပက္ခများ ဖြစ်ပွားနေသည့် ပြည်နယ် ဖြစ်သော်လည်း ရေအားလျှပ်စစ်စီမံကိန်းများ ရှိနေခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးပြီးလျှင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်သော ပြည်နယ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် အလားအလာ ကောင်းသည့်နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် နိုင်ငံရေးတည်ငြိမ်ရေးနှင့် မူဝါဒ တည်ငြိမ်ရေးသည် အဓိကအရေးကြီးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောဆိုမှုများရှိခဲ့သည်။ ကမ္ဘာ့ဘဏ်၏စစ်တမ်းတစ်ခုတွင် ပဋိပက္ခကြောင့် ရင်းနှီးမြှုပ်နှံမှု အလုံးစုံ မဝင်ရောက်နိုင်သည်တော့ မဟုတ်ပေ။ “ပဋိပက္ခရဲ့အခြေအနေက အလားအလာထက် ပိုပြီးအားကြီးနေရင်တော့ ရင်းနှီးမြှုပ်နှံမှုမလာဘူး။ အလားအလာရဲ့ အခြေအနေက ပဋိပက္ခကထက် ပိုဆွဲဆောင်မှုအားကောင်းနေရင် ရင်းနှီးမြှုပ်နှံမှုလာတယ် (ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန်။” လက်ရှိအချိန်တွင် ကချင်ပြည်နယ်၌ ပဋိပက္ခ၏ အလားအလာသည် ပို၍အားကြီးနေသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နည်းပါးရခြင်းပင်ဖြစ်သည်။ ဒေသတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းနိုင်ငံလျှင် ကချင်ပြည်နယ်အတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။

အလားအလာကောင်းမွန်သော ကချင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုများ မြှင့်တက်လာစေရန် ဦးစွာလုပ်ဆောင်ရမည်အချက်မှာ ဒေသတွင်းဖြစ်ပေါ်နေသော ပဋိပက္ခများ ဖြေရှင်းရမည် (အလုံးစုံ မလျော့ကျသည့်တိုင် အတိုင်းအတာတစ်ခုအထိ လျော့ကျစေရမည်) ဖြစ်သည်။ ဒုတိယတစ်ချက်အနေဖြင့် ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန် ကောင်းမွန်သည့် ဝန်းကျင်တစ်ရပ်ရှိကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား သတင်းအချက်အလက်များ ပေးနိုင်ရန်လုပ်ဆောင်ရမည် ဖြစ်သည်။ နောက်ဆုံးတစ်ချက်အနေဖြင့် နိုင်ငံ၏ စီးပွားရေးမူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများကို တိကျစွာ ဖော်ပြထားရမည် ဖြစ်သည်။

ရည်ညွှန်းကိုးကားချက်

  1. —–. (2019, November 16). ?q=briefing-room/news/2019/11/16/id-15867&fbclid=IwAR0GOdoNCE0SzRwzmCwP2GTnddtdzTLc3GHp4NJrEdUxxpHM4d3H0mLpwoI. Retrieved from president-office.gov.mm: https://www.president-office.gov.mm/?q=briefing-room/news/2019/11/16/id-15867&fbclid=IwAR0GOdoNCE0SzRwzmCwP2GTnddtdzTLc3GHp4NJrEdUxxpHM4d3H0mLpwoI
  2. —–. (2019, July 14). 07/2019/6495/?fbclid=IwAR1RCxMfElnGtsevyB5r2lKegPC5K823JD8DF8sNu_OQDAsTrPWX8lfoxPI. Retrieved from bandapost.org: https://bandapost.org/07/2019/6495/?fbclid=IwAR1RCxMfElnGtsevyB5r2lKegPC5K823JD8DF8sNu_OQDAsTrPWX8lfoxPI
  3. —–. (2020, July 10). two-development-zone-projects-under-way-in-kachin-state. Retrieved from elevenmyanmar.com: https://elevenmyanmar.com/news/two-development-zone-projects-under-way-in-kachin-state
  4. Li, K. Z. (2017, August 10). present-situation-of-foreign-direct-investment-entering-myanmar-and-its-future-potential/?fbclid=IwAR26LjLcxQealVK57x5x-JE2-JH0VYE-ZOng_jmgf-QrJoTTcAQj9btXrLE. Retrieved from globalnewlightofmyanmar.com: https://www.globalnewlightofmyanmar.com/present-situation-of-foreign-direct-investment-entering-myanmar-and-its-future-potential/?fbclid=IwAR26LjLcxQealVK57x5x-JE2-JH0VYE-ZOng_jmgf-QrJoTTcAQj9btXrLE
  5. Thiha, P. (2018, November 12). news/337?fbclid=IwAR26LjLcxQealVK57x5x-JE2-JH0VYE-ZOng_jmgf-QrJoTTcAQj9btXrLE. Retrieved from myanmar-now.org: https://myanmar-now.org/mm/news/337?fbclid=IwAR26LjLcxQealVK57x5x-JE2-JH0VYE-ZOng_jmgf-QrJoTTcAQj9btXrLE

photo credit: https://www.moi.gov.mm/

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဤဆောင်းပါးပါ ဖော်ပြရေးသားချက်၊ တွေ့ရှိချက်၊ လေ့လာဆန်းစစ်ချက်နှင့် သုံးသပ်ချက်များသည် စာရေးသူ၏ အတွေးအမြင်ပေါ်တွင်သာဖြစ်ပြီး အင်းလျားဘောဂဗေဒ၊ အင်းလျားဘောဂဗေဒ၏ ဒါရိုက်တာဘုတ်အဖွဲ့၊ ရုံးအဖွဲ့ဝင်များနှင့် အင်းလျားဘောဂဗေဒ မိတ်ဖွဲ့ အဖွဲ့အစည်းများတို့၏ အမြင်များကို ကိုယ်စားမပြုပေ။