သုတေသနနှင့် နိုင်ငံရေး

Author : Pyai Nyein Kyaw Than Tun Soe

        နိုင်ငံ၏ ဒီမိုကရေစီသက်တမ်း ရင့်သန်လာသည်နှင့်အမျှ ငါးနှစ်တစ်ကြိမ် ကျင်းပသော ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ နည်းဗျူဟာများသည် အထူးအရေး ပါလာပါသည်။ ရွေးကောက်ပွဲဆိုင်ရာ နည်းဗျူဟာများ ရေးဆွဲရန်အတွက် သက်ဆိုင်ရာမဲဆန္ဒနယ်မြေနှင့် အဆိုပါမဲဆန္ဒနယ်မြေခံ ပြည်သူလူထုများအား သေချာတိကျစွာ လေ့လာဆန်းစစ်ထားသည့် သုတေသနအစီရင်ခံစာများသည် မရှိမဖြစ်လိုအပ်ပါသည်။ ထိုသုတေသနအစီရင်ခံစာများတွင် ဒေသခံပြည်သူများ၏ လိုလားချက်များနှင့် လိုအပ်ချက်များ၊ ထိုလိုလားချက်များနှင့် လိုအပ်ချက်များအား ပုံသွင်းပေးသော ဒေသဆိုင်ရာ ရေခံမြေခံအခြေအနေများ၊ ဒေသခံပြည်သူများ၏ ယုံကြည်မှုများ၊ ထုံးစံများ၊ ဓလေ့စရိုက်များ၊ ခံစားချက်များ၊ ဒေသခံပြည်သူများ၏ ဖြစ်စဉ်၊ ဖြစ်ရပ်များ အပေါ် စဉ်းစားပုံများ၊ ဒေသခံပြည်သူများအပေါ် လွှမ်းမိုးနိုင်သူများ အစရှိသည့် ရွေးကောက်ပွဲ အနိုင်ရလာဒ်အပေါ် သက်ရောက်နိုင်သည့် မဲဆန္ဒနယ်မြေဆိုင်ရာ အချက်အလက်များနှင့် ဒေသခံ ပြည်သူများ၏ အချက်အလက်များအပေါ် လေ့လာဆန်းစစ်သည့် အစီရင်ခံစာများသည် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် လိုအပ်ပါသည်။

        ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအနေနှင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေဆိုင်ရာနှင့် ဒေသခံပြည်သူများဆိုင်ရာ အချက်အလက်များအား လေ့လာဆန်းစစ်ထားသည့် သုတေသန အစီရင်ခံစာများအား အဆင်သင့်ဖတ်ရှု လေ့လာနိုင်ရန် ခဲယဉ်းတတ်ပါသည်။ ထို့အတွက် ကိုယ်စားလှယ်လောင်းများသည် မိမိတို့၏ ရွေးကောက်ပွဲရန်ပုံငွေ၏ တစ်စိတ်တစ်ပိုင်းအား အသုံးပြု၍ သုတေသနပြုသင့်ပါသည်။ ကျွမ်းကျင်သော သုတေသနအဖွဲ့များနှင့် ပူးပေါင်းပြီး အစီရင်ခံစာများ ရယူသင့်ပါသည်။ အဆိုပါ အစီရင်ခံစာများအတွက် သုတေသနစရိတ်အဖြစ် အသုံးပြုရသော ကုန်ကျစရိတ်သည် ကိုယ်စားလှယ်လောင်းများအတွက်  ထိရောက်ပြီး အနိုင်ကို သေချာရေရာစေသော ရွေးကောက်ပွဲ ဗျူဟာချမှတ်ရန် အကြီးအကျယ် ကောင်းကျိုးပြုပါလိမ့်မည်။

        သုတေသနများအား ကောင်းစွာဖတ်ရှုလေ့လာပြီးမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် ရွေးကောက်ပွဲအား စနစ်ကျနစွာ သေချာကျနစွာ အနိုင်ယူနိုင်ခြင်း၊ မဲဆန္ဒနယ်မြေနှင့် ဒေသခံပြည်သူများ၏ လိုလားချက်များနှင့် ကိုက်ညီသည့် မူဝါဒများရေးဆွဲနိုင်ခြင်း၊ လိုလားချက်များနှင့်ကိုက်ညီသည့် ကတိကဝတ်များကို ပြည်သူထံမှောက် ပေးအပ်နိုင်ခြင်း၊ မဲဆန္ဒနယ်မြေနှင့် ဒေသခံပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် ပြည်သူလူထု၏ ကောင်းကျိုးချမ်းသာ တိုးတက်ရရှိခြင်းနှင့် မဲဆန္ဒနယ်မြေမှာလည်း ထိရောက်မြန်ဆန်စွာ တိုးတက်ခြင်းဟူသော အကျိုးကျေးဇူးများအား မြေကြီးလက်ခတ်မလွဲ စံစားရပေမည်။ ရွေးကောက်ပွဲနိုင်၊ လူထုကလည်း စိတ်ချမ်းမြေ့စွာနေထိုင်ရပြီး မဲဆန္ဒနယ်မြေလည်း တိုးတက်ပြီဆိုလျှင် အဆိုပါ မဲဆန္ဒနယ်မြေ ကိုယ်စားပြု ကိုယ်စားလှယ်အတွက် “သုဝဏ္ဏသာမ သား ရွှေအိုး ထမ်းသည့်ကိန်း” သို့ ဆိုက်ရောက်ပေမည် ဖြစ်သည်။

    အရေးကြီးသဖြင့် ကိုယ်စားလှယ်လောင်းများ၊ ဒေသခံပြည်သူများနှင့် မဲဆန္ဒနယ် တိုးတက်ရေးတို့ အကျိုးငှာ ထပ်မံတိုက်တွန်းချင်ပါသည်။ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များသည် ၎င်းတို့အား ဝန်းရံသူများ၏ အကူအညီ တစ်မျိုးတည်း သာမက သုတေသနနယ်ပယ်တွင် ကျွမ်းကျင်သည့် သုတေသနအဖွဲ့များနှင့်လည်း အကျိုးတူ ပူးပေါင်း အလုပ်လုပ်ခြင်းသည် နည်းနာကောင်း ဖြစ်ပါသည်။ နိုင်ငံရေးဖြစ်စဉ် တိုးတက်မှု အတွက် ခေတ်မီ ထိရောက်သည့် အဆိုပါ နည်းနာကောင်းများအား လိုက်နာကျင့်သုံးရဲသည့် ရဲရင့်သော နိုင်ငံရေးသမားများအား သမိုင်းက တောင်းဆိုနေပါပြီ။ မဲဆန္ဒနယ်မြေများနှင့် ပြည်သူများ၏ အချက်အလက်များကို အသုံးပြုပြီး ပေါ်ထွက်လာမည့် ပြောင်မြောက်သော ရွေးကောက်ပွဲ နည်းဗျူဟာများအား မှတ်တမ်းတင်ရန် မြန်မာ့သမိုင်းသည် အဆင်သင့် ဖြစ်နေချေပြီ။