ဆာရန်တိုဗီလာမှာ အောင်ဆန်းပြောခဲ့သမျှ

Author : Than Tun Soe

၁၉၄၇ခုနှစ်၊ ဇွန်လ၊ ၆ရက်နေ့ ဆာရန်တိုဗီလာခန်းမမှာ ပြန်လည်ထူထောင်ရေးကွန်ဖရန့်ကို ကျင်းပပါသည်။ ဗမာပြည်လွတ်လပ်ရေးရပြီး တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းများ ရေးဆွဲကြရန် ပညာရှင်များ ဝါရင့်အစိုးရ အရာရှိကြီးများနှင့် ဖဆပလကြားဖြတ်အစိုးရအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။။ တက်ရောက်သူများ အထဲတွင် နောင်အခါ ဘောဂဗေဒပညာရှင်အဖြစ် ထင်ရှားလာမည့် ဒေါက်တာလှမြင့်လည်း တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ဇွန်လ ၇ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက “ပြန်လည်ထူထောင်ရေး”မိန့်ခွန်းကို ပြောပါသည်။

အဆိုပါမိန့်ခွန်းသည် အတော် သိမ်မွေ့ပြီး ပညာသား ပါပါသည်။ ယခုခေတ် ပညာရပ်ဆိုင်ရာ အယူအဆများနှင့် ယှဉ်ထိုးကြည့်သော် နိုင်ငံအား ဦးဆောင်သည့် နေရာမယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်တွေ့ကျမှုနဲ့ ပညာဉာဏ် ကြီးမားမှုကို အထင်းသား တွေ့ရှိရပါသည်။ (ယခုလို ကောက်ချက်ချခြင်းသည် အဆိုပါမိန့်ခွန်းတစ်ခုလုံး လိုအပ်ချက် စိုးစဉ်းမျှ မရှိဟု တရားသေ ပုဂ္ဂိုလ်စွဲဖြင့် ထောက်ခံခြင်း မဟုတ်ဘဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းအား ချဉ်းကပ်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အခြေခံအယူအဆ ရှင်းလင်းမှန်ကန်ခြင်းနှင့် လက်တွေ့ကျမှုတို့အား အဟုတ်အမှန်အတိုင်း အပိုအလိုမရှိ တင်ပြလိုခြင်းသာ ဖြစ်ပါသည်)

ကောက်နှုတ်ချက်အချို့ ပြုလုပ်ပြီး တင်ပြချင်ပါသည်။

“ပထမဦးဆုံး လိုအပ်သည့်အချက်က စီးပွားရေးဘက်မှ အခြေခံကောင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းစဉ် ရေးဆွဲထားဖို့ ဖြစ်ပါသည်။ . . …. ယခု အစည်းအဝေးမှာ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကျနော် ပြောဖို့ မကြံရွယ်ပါဘူး။ သို့သော် လူကြီးများ ရွက်ဆောင်ရမည့် တာဝန်နှင့် ပတ်သက်ပြီး တစ်မျိုးတစ်မည် သက်ဆိုင်နေသည့် အချက်တစ်ချက်ကိုတော့ ကျနော် ပြောလိုပါသည်။  . . . ယခုလို အခြေအနေမှာ နိုင်ငံချဲ့ဝါဒကို တိုက်ခိုက်တွန်းလှန်တဲ့ အလုပ်ကို လုပ်ရင်ကျွန်တော်တို့မှာ ရှိတဲ့ အချိန်နဲ့ အားအင်ကို အလဟဿ ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်ဆိုတဲ့ အချက်ပါပဲ။” (ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပေါင်းချုပ်, ၂၀၁၃)

နိုင်ငံ၏ ပြန်လည်ထူထောင်ရေးကို စဉ်းစားဆုံးဖြတ်ရာတွင် နိုင်ငံရေးကို အကန့်အသတ်နှင့်သာ ထည့်သွင်း စဉ်းစားသင့်သည်ကို နားလည်သဘောပေါက်သူမှာ ထိုခေတ်က ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် နားလည်သူ တော်တော်ရှားပါးပါသည်။ အဆိုပါအချိန်က လူငယ်ခေါင်းဆောင်များသည် မြန်မာပြည်အခြေစိုက် ဗြိတိသျှ စီးပွားရေးကော်ပိုရေးရှင်းများကို နိုင်ငံပိုင်အဖြစ် အပြည့်အဝသိမ်းပြီး ဗြိတိသျှအစိုးရကို လက်စားချေ လိုသည့်စိတ်များ ပြင်းပြနေကြချိန် ဖြစ်သည်။ ဗြိတိသျှအစိုးရအား ပစ်မှတ်ထား ရည်ရွယ်လျက် နယ်ချဲ့စနစ် တိုက်ဖျက်ရေးအား နိုင်ငံရေးအခြေခံအယူအဆအဖြစ် ခိုင်မာစွာ ကိုင်ဆွဲထားကြချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းသည်  နိုင်ငံရေးအခြေခံအယူအဆအား တိုင်းပြည်ပြန်လည်ထူထောင်ရေးတွင် အခြေခံ အယူအဆအဖြစ် ထည့်သွင်းရေးဆွဲရန် မလိုကြောင်း ရဲဝင့်စွာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“. . .. ရှေးဦးလုပ်သင့်သည့် လုပ်ငန်းကို ရှေးဦးလုပ်ကိုင်သွားသော နည်းစနစ်အား လိုက်နာရန်အကြောင်းပင် ဖြစ်ပါသည်။”

ဦးစားပေးလုပ်ငန်းအစီအစဉ် သတ်မှတ်ပေးရန်နှင့် သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း လုပ်ငန်းများအား အကောင်အထည်ဖော်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

“ချက်ချင်းလုပ်လို့ရသည့် လုပ်ငန်းမျိုး၊ လတ်တလော အကျိုးခံစားနိုင်မည့် လုပ်ငန်းစဉ်မျိုး ဖြစ်ရပါလိမ့်မည်။” ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လက်တွေ့ကျမှုအား အတိုင်းသား တွေ့ရပါသည်။ ထိုခေတ်က ခေါင်းဆောင်အများစုသည် ကြီးကျယ်၍ လက်တွေ့တွင် မဖြစ်ပေါ်လာသော စီမံကိန်းကြီးများကို စိတ်ကူးယဉ်လေ့ ရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းတွင် အာရှတိုက်ပြည်သူလူထုအား နွံထဲဆွဲနှစ်ခဲ့သည့် စိတ်ကူးယဉ်မှုမျိုး မတွေ့ရှိပါ။

အခုဖော်ပြမည့် ကောက်နှုတ်ချက်တွင် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ပေးသည့် ဖြေရှင်းရမည့် ပြဿနာများကို အစီအစဉ်တကျ တွေ့ရပါမည်။ ဖြေရှင်းရမည့် ပြဿနာများကို ရှင်းရှင်းလင်းလင်း နားလည်ဖော်ပြခြင်းသည် အောင်မြင်သော မူဝါဒအဖြေအတွက် မည်မျှ အရေးကြီးကြောင်း မူဝါဒသိပ္ပံ လေ့လာဖူးသူတိုင်း သိပါသည်။

“ယခု ကျွန်တော်တို့ တွေ့ကြုံနေရသည့် လက်ငင်း ပြဿနာများနှင့် ပတ်သက်၍ ကျွန်တော်တို့နိုင်ငံမှာ ပေါ်ပေါက်နေသည့် ပြဿနာများကို ထောက်ရှု၍ ဆိုရလျှင် ချက်ချင်းလက်ငင်း ဖြေရှင်းရေး ရှာကြံရမည့် ကိစ္စကြီး ရှစ်ရပ်ရှိသည်ဟု ဆိုရပေမည်။

ထိုကိစ္စများမှာ

၁၊ နေထိုင်ရေးစရိတ်လျော့ပေါ့ရန်၊ တိုင်းသူပြည်သားများ၏ နေထိုင်ရေးစရိတ်ကို နဂိုအခြေသို့ ပြန်ရောက်အောင် ပြုပြင်ပေးရန်။

၂၊ အလုပ်လက်မဲ့များ လျော့သွားအောင် တတ်နိုင်လျှင် လုံးဝပပျောက်အောင် ပြုလုပ်ပေးရန်…..

၃၊ ….

……

……

၈၊ နိုင်ငံ ငြိမ်းချမ်းသာယာလာအောင် ရွက်ဆောင်ပေးရန်”

နေထိုင်ရေးစရိတ်လျော့ပေါ့ရန် တစ်နည်း ပြည်သူလူထု ရင်ဆိုင်နေရသော ကုန်ဈေးနှုန်းအား ကျဆင်းစေရန်နှင့် အလုပ်လက်မဲ့ရာခိုင်နှုန်း ကျဆင်းစေရန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ စီးပွားရေးဆိုင်ရာ ပထမနှ့င်ဒုတိယ ဦးစားပေးမူဝါဒများ ဖြစ်နေသည်ကို တွေ့ရှိရပေမည်။ “ပြည်သူလူထု၏ လူမှုစီးပွားဘဝ” ဆိုသည့် တိကျမှု မရှိသော စကားလုံးများအား ဗိုလ်ချုပ်အောင်ဆန်း၏ ဦးစားပေးမူဝါဒများတွင် ထည့်သွင်း ရေးသားခြင်း မရှိပါ။ နေထိုင်ရေးစရိတ် တစ်နည်း ကုန်ဈေးနှုန်း နှင့် အလုပ်လက်မဲ့များ ဆိုသည့် ရှင်းလင်းတိကျသော ဖွင့်ဆိုချက်များကို ပြန်လည်ထူထောင်ရေးမိန့်ခွန်းတွင် တွေ့မြင်ရပါသည်။ ထို့အပြင် စာဖတ်သူများ သတိထားမိမည်မှာ ဗိုလ်ချုပ်အောင်ချုပ်၏ နောက်ဆုံး ဦီးစားပေးမူဝါဒများဖြစ်သည့် နိုင်ငံငြိမ်ဝပ်ပိပြားရေး ဖြစ်ပါသည်။ အရေးပေါ်ကာလတွင် နိုင်ငံငြိမ်ဝပ်ပိပြားရေး အရေးကြီးကြောင်းနှင့် လုံခြုံရေး မရှိ၊ မတည်ငြိမ်ပါက စီးပွားရေး လုပ်မရကြောင်း မိန့်ခွန်းတစ်နေရာတွင် ဖော်ပြထားပြန်ပါသည်။ “နိုင်ငံငြိမ်ဝပ်ပိပြားရေးသည် အရေးပေါ်ကာလတွင် အရေးကြီးကြောင်း” ဆိုသည်အား ကွယ်ဝှက်ထားသော အဓိပ္ပါယ်အနေနှင့် ပြောင်းပြန်လှန် ဆိုက ယူဆနိုင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် စစ်မဖြစ်မီက ဗမာ့စီးပွားရေးအခြေအနေအား နှစ်အတိုင်းအတာ တစ်ခုအတွင်း ရောက်ရှိအောင် စီမံကိန်းရေးဆွဲရမည် ဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်း​ပြောကြားပါသည်။  ထိုစဉ်က ပညာရှင်များသည် စစ်အပြီး စီးပွားရေးအခြေအနေအား သုံးသပ်လျှင် စစ်မဖြစ်မီ ၁၉၄၂ မတိုင်မီကာလက စီးပွားရေးနှင့် နှိုင်းယှဉ်ကြည့်လေ့ ရှိပါသည်။ စစ်မဖြစ်မီ အခြေအနေက ဗမာပြည်စီးပွားရေးအခြေအနေသည် အတော်ကောင်းမွန်ခဲ့ပါသည်။ စစ်ကလည်း မဖြစ်သေး၊ စူးအက်တူးမြောင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပွင့်၊ ပိုမိုမြန်ဆန်မှုကလည်း ရှိပြန်၊ ထို့အပြင် ဗြိတိသျှအစိုးရ၏ မြစ်ဝကျွန်းပေါ်ဒေသ လယ်ယာမြေချဲ့ထွင်ထားသည့် အခြေအနေကလည်း ရှိပြန်သဖြင့် သမိုင်းတလျောက် ဆန်စပါး တင်ပို့မှု အများဆုံး ဖြစ်ခဲ့ပါသည်။ စစ်မဖြစ်မီ ဆန်စပါးတင်ပို့မှုအား လွတ်လပ်ရေးရပြီးနောက် ဆန်စပါးတင်ပို့မှုက မမှီတော့ပါ။ “စစ်မဖြစ်မီ စီးပွားရေး အခြေအနေ”ဆိုသည့် ရည်မှန်းချက်သည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် နောက်လူတို့ မမှီနိုင်ခဲ့သည်ကို ထောက်ရှုကာ ဗိုလ်ချုပ်အောင်ဆန်း၏ စဉ်းစားချက်အား သုံးသပ်နိုင်ပါသည်။

အထက်ဖော်ပြပါ ကောက်နှုတ်ချက်အချို့ကို ကြည့်လျှင်ပင် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နားလည်သဘောပေါက်မှုကို နှိုင်းဆနိုင်ပါသည်။ ကျွန်ုပ်တင်ပြသည့် ကောက်နှုတ်ချက်အချို့ကို ကြည့်လျှင်ပင် “ဗြိတိသျှတွေ ဗမာပြည်ထဲက ထွက်သွားရင်တော့ ပြည်သူတွေ ချမ်းသာလာမယ်” ဆိုသော ခပ်လွယ်လွယ်တွေးသော ညံ့ဖျင်းသည့် အတွေးအခေါ်မျိုး မရှိကြောင်း ပြန်လည်ထူထောင်ရေးမိန့်ခွန်းမှ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားချက်များက တိုက်ရိုက်မပြောသော်လည်း သွယ်ဝိုက်သောနည်းဖြင့် ခိုင်မာစွာ သက်သေတည်နေပါသည်။ “ဗြိတိသျှတွေ တိုင်းပြည်ထဲက ထွက်သွားရင် သဘာဝသယံဇာတ ကြွယ်ဝတဲ့ ဗမာပြည်က ပြည်သူတွေ ကြွယ်ဝကြမှာပါ” ဆိုသော အယူအဆမျိုးသည် ထိုခေတ်က ဗမာနိုင်ငံရေးသမားများတွင်သာမက ဗမာ့နိုင်ငံရေးခေါင်းဆောင် ဦးနု၏ နှုတ်မှ ဖွင့်ဟ ပြောဆိုဖူးကြောင်း ဗမာအစိုးရ၏ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဘောဂဗေဒပညာရှင် မစ္စတာ လူးဝစ်ဝေါ်လင်စကီးက Economic Development of Burma 1951-1960 တွင် ထည့်သွင်းရေးသား ထားပါသည်။ ထိုခေတ်က အာရှနှင့် အရှေ့တောင်အာရှတဝိုက်က ခေါင်းဆောင်အတော်များများသည် ကုန်ထုတ်လုပ်ရေး၏ ဆက်နွယ်ချက်များ (Relations of production) ကို ပြောင်းလဲပစ်နိုင်လျှင် စီပွားရေးရင်းမြစ်များ၏ ထုတ်လုပ်နိုင်စွမ်း (Productivity of Economic Resources) (the state of the development of productive forces) လည်း ပြောင်းလဲနိုင်သည်ဟု ယုံကြည်ခဲ့ကြသော်လည်း လက်တွေ့မှာမူ အထင်နှင့်အမြင် လွဲရကြောင်း ဘောဂဗေဒပညာရှင် Vo Nhan Tri ၏ Vietnam Economic Policy since 1975 တွင် သုံးသပ်ထားပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပြန်လည်ထူထောင်ရေးမိန့်ခွန်းတွင် ပါသည့် လက်တွေ့ကျသည့်အမြင်များ နားလည်မှုများသည် မည်မျှ အဖိုးတန်ကြောင်းနှင့် နောက် ၄၂ရက်အကြာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့်အခါတွင် ပြန်လည်ထူထောင်ရေးမိန့်ခွန်းထဲမှ လက်တွေ့ကျသည့် စဉ်းစားချက်များသည် ရေစုန်မျောခဲ့ရပါသည်။

နောက်ငါးနှစ်ခန့်အကြာ ၁၉၅၂ခုနှစ်ကျမှ ဦးနု၏ ပြည်တော်သာကွန်ဖရန့် ပေါ်ပေါက်လာပါသည်။ ပြည်တော်သာ စီမံကိန်း ထွက်ပေါ်လာသော်လည်း ဆန်စပါး တင်ပို့ရောင်းချရေးအား နိုင်ငံတော်က ထိန်းချုပ်ပြီး အစိုးရအသုံးစရိတ်၏ သုံးပုံတစ်ပုံခန့်ကို ပြည်တွင်းပြည်ပ ဈေးကွာခြားချက်ဖြင့် ရယူခြင်း၊ အစိုးရဝယ်ဈေးအား နိုင်ငံတော်စိုက်ပျိုးရေးဈေးကွက်ဘုတ်အဖွဲ့က ဆုံးဖြတ်သဖြင့် ဘောဂဗေဒပညာရှင် ဒေါက်တာလှမြင့်က ဝေဖန်ခဲ့ပါသည်။

ယခုဆောင်းပါးသည် ဗိုလ်ချုပ်အောင်ဆန်း၏ ပြန်လည်ထူထောင်ရေးမိန့်ခွန်းသည် အမေရိကန်သမိုင်းထဲက ဖယ်ဒရယ်စာတမ်း(၈၅)စောင်ကဲ့သို့ အများပြည်သူ နားလည်ရန်ခက်ခဲသဖြင့် အနက်ဖွင့်ပေးရန် ကျွနိုပ်၏ ကြိုးပမ်းမှု မဟုတ်ရပါ။ လွန်ခဲ့သော နှစ်ပေါင်း ၆၃နှစ်က ဇွန် ၇ ရက်တွင် တိုင်းပြည်ပြန်လည်ထူထောင်ရေးအား အမှန်တကယ် နားလည်သဘောပေါက်သည့် ခေါင်းဆောင်အား ယနေ့တွင် လွမ်းဆွတ်တမ်းတသဖြင့် တမ်းရသည့် လွမ်းချင်း တစ်ပုဒ်အနေဖြင့် ယူဆမည်ဆိုက ယူဆနိုင်ပါသည်….။

 

photo credit- https://en.wikipedia.org